မလေးရှား မြေပြိုမှု လူ ၁၂ ဦး သေဆုံး

  • 22 မေ 2011
malaysia ဓာတ်ပုံ မူပိုင် malaysia
Image caption မြေပြိုကျခဲ့တဲ့ နေရာ

မလေးရှား နိုင်ငံမှာ ၂ ကြိမ် တိုင်တိုင် မြေပြို ကျမှုတွေ ဖြစ်ခဲ့ တာကြောင့် ကွာလာ လမ်ပူ မြို့တော် အနီးက မိဘမဲ့ ဂေဟာ တွေ ရဲ့အစိတ် အပိုင်း တချို့ဟာ မြေကြီး အောက် ရောက်သွား ခဲ့ရတယ်လို့ မလေးရှား ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဒီမြေပြိုကျမှု ကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ရပြီး အဲဒီထဲက အများစုဟာ ခလေးသူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လူတော်တော်များများ ကိုတော့ ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် လူ ၄ ဦးကတော့ ပြောက်ဆုံး နေဆဲပဲ ဖြစ်ပါတယ်။

မိဘမဲ့ ဂေဟာ နှစ်ခုဟာ တခုနဲ့ တခု စက္ကန့် ပိုင်းပဲ ခြားပြီး မြေကြီးအောက် ရောက်သွား ခဲ့တယ်လို့ မလေးရှားရဲက ပြောပါတယ်။ ဂေဟာတခုက ခလေး အယောက် နှစ်ဆယ်နဲ့ သူတို့ကို ထိန်းသိမ်း စောင့်ရှောက် နေတဲ့ ဂေဟာဝန် ထမ်းတွေဟာ တဲတခု အောက်မှာ ဝင်ခိုနေတဲ့ အချိန်မှာ သူတို့ တဲပေါ်ကို မြေကြီးတွေ ပြိုကျလာပြီး မြေကြီး အောက် ရောက်ခဲ့ကြရတာ ဖြစ်ပါတယ်။

အဖြစ်အပျက်က အရမ်း မြန်လွန်းတဲ့ အတွက် ဘယ်သူမှ ထွက်ပြေးဖို့ အချိန် မရလိုက် ကြဘူးလို့ အာဏာပိုင် တွေက ပြောပါတယ်။

ဒီမိဘမဲ့ ခလေးများ ဂေဟာဟာ ဆီလန်ဂါ ပြည်နယ်က တောင်ကုန်း တခုရဲ့ ဘေးမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ မိုး အကြီးအကျယ်ရွာတဲ့ အတွက် မြေကြီးတွေ ပြိုကျလာတာ ဖြစ်နိုင်တယ်လို့ ရဲက ပြောပါတယ်။ ဒါပေမယ့် အတိုက်အခံ ပါတီက တီယန်ခြွာ ဆိုသူကတော့ အစိုးရက ဒီဒေသမှာ အဆောက်အဦတွေ ဆောက်ဖို့ သစ်ပင်တွေ အကြီးအကျယ် ခုတ်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြီး ဒီလို မြေပြိုမှုတွေ ဖြစ်ရတာလို့ ထောက်ပြပါတယ်။

ဒီရက်ပိုင်းတွေ အတွင်း မိုးကောင်းနေတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေပြီး မြေကြီးဟာ မိုးရေနဲ့ နယ်ထားသလို ဖြစ်နေတဲ့ အတွက် နူးအိနေပြီး မြေတူးစက်တွေနဲ့ အလုပ်မဖြစ်ဘူးလို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ အဲဒိအတွက် ပေါက်တူး ပေါက်ပြားတွေနဲ့ တူးဆွ ရှင်းလင်းပြီး အသက်ရှင်သူတွေ ရှိလို့ရှိငြား ရှာနေ ရတယ်လို့ ပြောပြပါတယ်။