လျှို့ဝှက်စစ်ဆင်ရေး ထပ်လုပ်ဖို့ ရှိကြောင်း အိုဘားမားပြော

  • 22 မေ 2011

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ပါကစ္စတန် နိုင်ငံထဲ က အယ်ခိုင်းဒါးနဲ့ တာလီဘန် ခေါင်းဆောင်တွေအပေါ် နောက်ထပ် လျှို့ဝှက် စစ်ဆင်မှုတွေအတွက် သူ့အနေနဲ့ အမိန့်ပေးဖို့ ရှိတယ်ဆိုပြီး ဘီဘီစီရဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ရည်ညွှန်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption တာလီဘန်တွေနဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ ကိစ္စဟာ လုံးဝ လိုအပ်တယ်လို့ သမ္မတ အိုဘားမားက ပြော

အိုစမာ ဘင်လာဒင်ကို ပါကစ္စတန်နယ်မြေထဲမှာ သတ်ဖြတ်ခဲ့ပြီးနောက် ပါကစ္စတန်အစိုးရနဲ့ မပြေ လည်မှုတွေ ဖြစ်နေတဲ့ကြားကပဲ မစ္စတာ အိုဘားမားက ဘီဘီစီ သတင်းထောက် အင်ဒရူးမားနဲ့ မေးမြန်းခန်းမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါ တယ်။

သမ္မတအိုဘားမားက အမေရိကန်ဟာ ပါကစ္စတန် နိုင်ငံရဲ့ အချုပ်အချာ အာဏာ ပိုင်စိုးမှုကို လေးစားကြောင်း၊ ဒါပေမယ့် အဲဒီနယ်မြေကနေ အမေရိကန်နဲ့ မဟာမိတ် တွေကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ သူတွေကိုတော့ အရေးယူ ဆောင် ရွက် ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ အိုးဘားမားရဲ့ အခုလို့ ပြောကြားချက်တွေအပေါ် ပါကစ္စတန် အာဏာပိုင်တွေ ကတော့ လက်ခံလိမ့်မှာ မဟုတ်ဘူးလို့ ပါကစ္စတန်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အမေရိကန်က သူ့သဘောနဲ့သူ ပါကစ္စတန်ထဲဝင်ပြီး အိုစမာဘင်လာဒင်ကို တိုက်ခိုက် စစ်ဆင်ခဲ့တဲ့အပေါ် ပါကစ္စတန်တွေက အကြီးအကျယ် စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူကို ဖယ်ရှားနိုင်ခဲ့တဲ့ အချိန်ဟာ စိတ်လှုပ်ရှားစရာ အချိန်ဖြစ်ပြီး သူကိုယ်တိုင်လည်း စိတ်လှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အတွက် အချက်မှားရင် ပါကစ္စတန်တပ်တွေနဲ့ တိုးနိုင်ပြီး အခြေအနေတွေ အများကြီးပိုဆိုးသွားနိုင်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အချိန် မိနစ် ၄၀ ကြာ အတွေ့အကြုံဟာ သူရဲ့ သမ္မတ သက်တမ်းအတွင်း မှတ်သားလောက်စရာ အတွေ့အကြုံလို့ ဆိုပါတယ်။

အာဖဂန်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးလည်း မစ္စတာ အိုဘားမားက တာလီဘန်တွေနဲ့ အကြိတ်အနယ် ဆွေးနွေးမှုတွေလုပ်ဖို့ ကိစ္စဟာ အကြမ်းဖက်မှုတွေ အဆုံးသတ် စေရေး အတွက် လုံးဝဥသုံ လိုအပ်တဲ့ ကိစ္စဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောကြားသွား ပါတယ်။

ဒါပေမယ့်လို့ တာလီဘန်တွေအနေနဲ့ အယ်ခိုင်းဒါးအဖွဲ့နဲ့ ဆက်ဆံမှု အားလုံးကို ရပ်ပစ်ရမယ်၊ အကြမ်းဖက်မှုတွေကို စွန့်လွှတ်ရမယ်၊ နောက်ပြီး အာဖဂန် အခြေခံဥပဒေကို လေးစားရ မယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေဟာ စစ်ရေးအရေ အာဖဂန် အစိုးရကို ကူညီသင့်တယ်၊ နိုင်ငံရေးအရ တည်ငြိမ်လာအောင်လည်း ကြားဝင် ဆောင်ရွက် သင့်တယ်လို့ ပြောပါတယ်။

မစ္စတာ အိုဘားမားဟာ မနက်ဖြန်မှာ အိုင်ယာလန်နိုင်ငံကို အလည်အပတ်ရောက်ရှိလာမှာ ဖြစ်ပြီး၊ အဲဒီနောက်မှာတော့ သူဟာ ဗြိတိန်ကို ၃ ရက်ကြာ ခရီးဆက်မှာ ဖြစ်ပါတယ်။