သမ္မတအို​ဘား​မား​နဲ့ ဘီ⁠ဘီ​စီ ပွင့်⁠ပွင့်​လင်း​လင်း

အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို ဘီဘီစီ သတင်းထောက် အင်ဒရူးမားက ရှားရှား ပါးပါး ရုပ်သံ အင်တာဗျူး မေးခွန်းခဲ့တာမှာ အမေရိကန်တို့ ဘင်လာဒင်ကို သတ်ဖြတ်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ပထမပိုင်း ကောက်နှုတ် ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

Image caption သမ္မတအိုဘားမားက ဘီဘီစီမေးတာတွေကို ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့ပါတယ်

အရေးကြီးတဲ့ ကမ္ဘာ့နိုင်ငံရေးကိစ္စတွေဖြစ်တဲ့ အာဖဂန်နစ္စတန် စစ်ဆင်ခြင်း၊ အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေခွဲခြားမှုနဲ့ ဆီးရီးယားက ဆန္ဒပြမှုတွေအကြောင်း အိုဘာမားက ပွင့်ပွင့် လင်းလင်း ပြောပါတယ်။

အာဖဂန်စစ်ဆင် ရေးက ပြီးပါတော့မယ်၊ နိုင်ပါတော့မယ်နဲ့ အမေရိကန်ရော ဗြိတိန်ကပါ ပြောနေတယ်၊ တဖက်မှာတော့ လူတွေက တော်ပါတော့၊ အာဖဂန်က ထွက်ပါ တော့လို့ ပြောနေတယ်၊ သမ္မတလည်း အာဖဂန်ကနေ ထွက်ဖို့ လုပ်နေပါတယ်၊ ဒီကိစ္စမှာ ဘယ်ဘက်ကို အလေးသာပြီး ဆုံးဖြတ် လုပ်ကိုင် နေပါသလဲလို့ ဘီဘီစီ သတင်းထောက် အင်ဒရူးမားက မေးပါတယ်။

ဝန်ကြီးချုပ် ကင်မရွန်းနဲ့ ကျွန်တော်တို့ သဘောတူထားသလိုပဲ ခေါင်းပြန်ထောင်လာတဲ့ တာလီဘန်တွေကို ဖြိုပစ်ခဲ့ပါတယ်။ အီရတ်ဘက်က အမေရိကန်တပ်တွေကိုလည်း အာဖဂန်မှာထပ်တိုးတဲ့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ တာလီဘန်တွေမှာ လူတွေတပြုံကြီး ကို သတ်နိုင်တဲ့ စွမ်းအားက ရှိနေတုန်း ဖြစ်သလို တိုက်ခိုက်မှုတွေကလည်း ပြင်းထန်ပါ တယ်လို့ အိုဘားမားက ရှင်းပြပါတယ်။

အခုဆို အာဖဂန်အစိုးရ အနေနဲ့ တိုင်းပြည်လုံခြုံရေးကို တာဝန်ယူနိုင်အောင် အာရုံစိုက် ကူညီ လုပ်ဆောင်ပေးနေပါတယ်။ ကျွန်တော်တို့ အာဖဂန်နစ္စတန် ပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘူးဆိုတာ ပြောနိုင်ပါတယ်။ အာဖဂန် မှာ ကျွန်တော်တို့ တပ်ဖွဲ့တွေ ရှိတယ်ဆိုတာ နိုင်ငံရေးနည်းနဲ့ ပြဿနာတွေ ပြေလည်အောင် ရှင်းနိုင်ဖို့ ကြားခံတခုပါပဲလို့ အမေရိကန် သမ္မတက ဆိုပါတယ်။

အာဖဂန်ဖွဲ့စည်းပုံအခြေခံဥပဒေကို အားလုံးက လိုက်နာပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ တွေ ကျင်းပမယ်၊ အမျိုးသမီးအခွင့်အရေးအပါအဝင် လူ့အခွင့်အရေးတွေကို ဖော်ဆောင်ကြ မယ်၊ လေးစားကြမယ်၊ ဒါပေမဲ့ အားလုံး ပြည့်စုံတဲ့ ရလဒ်တော့ မထွက်နိုင်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်လို့ သမ္မတ အိုဘားမားက ဘီဘီစီက အင်ဒရူးမားကို ပြောပါတယ်။

ဒီကြားကာလဖြတ်သန်းမှုမှာတော့ အာဖဂန်မှာ ကျွန်တော်တို့ယုံကြည်တဲ့ နိုင်ငံရေး အဖြေ ရှာနိုင်မှု၊ နိုင်ငံရေးပြန်ပေါင်းထုပ်မှု ဖြစ်နိုင်ချေရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ တန်ဖိုးနဲ့ ကျွန်တော်တို့ အာဖဂန်ကိုသွားခဲ့ကြတဲ့ အကြောင်းရင်းလည်း ဖြစ်ပါ တယ်လို့ သူက ရှင်းပြပါတယ်။

တခါ သမ္မတရဲ့ အရှေ့အလယ်ပိုင်းမူဝါဒမိန့်ခွန်းမှာ အစ္စရေးဟာ ၁၉၆၇ ခုနှစ် နယ်မြေခွဲဝေမှု ကို လက်ခံရလိမ့်မယ်လို့ ပြောသွားတော့ လူတွေ အံ့အားသင့်ကုန်ပါတယ်၊ ဒါအစ္စရေး-ပါ လက်စတိုင်းနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ လက်ရှိမူဝါဒလားလို့ အင်ဒရူးမားက မေးပါတယ်။

ငြိမ်းချမ်းရေးကို သွားမယ်ဆိုရင် နှစ်နိုင်ငံ အတူယှဉ်တွဲ နေနိုင်ရေးလမ်းကို သွားရပါလိမ့် မယ်။ ၁၉၆၇ ခုနှစ် နယ်မြေခွဲဝေထားမှုကို ပြန်ကြည့်ရပါလိမ့်မယ်။ အခုကာလမှာတော့ မြေပြင်မှာအပြောင်းအလဲတွေ အများကြီးဖြစ်နေခဲ့ပြီဆိုတော့ နှစ်ဘက်အကျိုးကို ကြည့်ပြီး အလှဲအလှယ် လုပ်တာမျိုးတွေ လုပ်ဖို့ လိုပါလိမ့်မယ်လို့ သမ္မတ သုံးသပ်ပါတယ်။

နောက်တချက်က အစ္စရေးတို့အနေနဲ့ အနောက်ကမ်းမှာ လုံခြုံမှုရှိဖို့လိုပါတယ်။ လုံခြုံရေးဟာ အစ္စရေးတို့အတွက် အရေးကြီးပါတယ်။ အစ္စရေးတို့အနေနဲ့ သူတို့ပိုင်တဲ့ နယ်မြေတွေကို ကာကွယ်နိုင်စွမ်း ရှိမနေဘဲ နောက်အဆင့်တွေကို သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ပြောတာက နယ်မြေကိစ္စနဲ့ လုံခြုံရေး ကိစ္စနဲ့ စလိုက်သင့်တယ်လို့ အမေရိကန် သမ္မတက ပြောပါတယ်။

ကိစ္စအကုန်လုံးကို ကျွန်တော်တို့ တခါထဲရှင်းလို့ မရပါဘူး။ ဂေျရုဆလင်ကိစ္စ၊ ဒုက္ခသည် ကိစ္စတွေ ကျွန်တော်တို့ အပြီးပြတ် မရှင်းနိုင်သေး ပါဘူး။ ဒါကြောင့် နှစ်နိုင်ငံ အခြေအနေကို အရင်စလိုက်ပြီး ရုပ်လုံးဖော်လိုက်ရင် နောက်ထပ်ပြဿနာ နှစ်ခုကလည်း ခက်ခဲပေမယ့် ပြေလည်မယ့်လမ်း ကြောင်းကို သွားလို့ရကြမှာဖြစ်ပါတယ်လို့ အိုဘားမားက ထင်မြင်ချက် ပေးပါတယ်။

တခါ အင်ဒရူးမားက အခု လက်ရှိဖြစ်နေတဲ့ ဆီးရီးယားက လူထုဆန္ဒပြမှု တွေကို ဆက်မေး ပါတယ်။ ဆီးရီးယားလူငယ်တွေ သောကြာနေ့ ဗလီကနေ ထွက်လာပြီး နံပါတ်တုတ်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တယ်။ တချို့ အသတ်ခံရတယ်။ ကမ္ဘာပေါ်မှာ ပါဝါအရှိဆုံး လူတယောက်အနေနဲ့ ခင်ဗျားသူတို့ကို ဘာအမှာ စကားပါးမလဲလို့ နာမည်ကျော် ဘီဘီစီ သတင်းထောက်က မေးပါတယ်။

အကြမ်းမဖက်တဲ့ ပါဝါနဲ့ စိတ်ဓာတ်အင်အား နဲ့ တိုက်ပွဲဝင်မှုဟာ အမေရိကမှာတော့ အောင်ပွဲခံခဲ့တာပါပဲ။ ဘာလင်တံတိုင်း ပြိုခဲ့တာ ဆိုဗီယက်ကရော အရှေ့ဂျာမနီကပါ စစ်အင်အားနဲ့ ဖြိုပစ်လိုက်တာ မဟုတ် ပါဘူး။ လူတွေက မခံနိုင်တဲ့အဆုံး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ ရတဲ့အခွင့် အရေးပေါ်မှာ ဆုံးဖြတ်လုပ်ကိုင်ပြီး ဖြိုချခဲ့ကြတာပါလို့ သမိုင်းကြောင်းကို သုံးသပ်ပြီး သမ္မတ အိုဘားမားက ပြောပါတယ်။

အခုအရှေ့ အလယ်ပိုင်းမှာ ဖြစ်နေတာတွေကို ကျွန်တော်တို့ ကြည့်နေကြတယ်၊ အီဂျစ်မှာ အာဏာရှင် ပြုတ်ကျသွားတာ မြင်ခဲ့ရပြီးပြီ။ တူနီရှားမှာ မြင်ခဲ့ပြီးပြီ။ နံပါတ်တုတ်တွေ၊ သေနတ်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် ရဲတဲ့ သတ္တိ ရှိတဲ့ လူတွေကို အံ့အားသင့်ဖွယ် မြင်တွေ့ လာရပါတယ်လို့လည်း သူက ဆိုပါတယ်။

အကြမ်းမဖက်ဘဲ သူတို့ဘဝနဲ့ သူတို့မိသားစုတွေရဲ့ ဘဝတွေကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သူတွေဘက်က အမေရိကန်ပြန်ထောင်စုဟာ ရပ်တည်တဲ့ အကြောင်း ကျွန်တော့်မိန့်ခွန်းထဲမှာ လည်း ထင်ထင်ရှားရှားထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဆိုလိုတာက အကြမ်းဖက်မှုတွေ သက်သက်နဲ့တော့ သူတို့လိုချင်တဲ့ အပြောင်းအလဲကို မရနိုင်ဘူး ဆိုတာ သူတို့သိထားမယ်ဆိုရင် ကျန်တဲ့ သူတို့ဘဝနဲ့ တခြားအခွင့်အရေး တောင်းဆိုတဲ့ ကိစ္စတွေမှာတော့ အမေရိကန်ပြည်ထောင်စုက သူတို့ကြိုးပမ်း လုပ်ဆောင် မှုတွေကို အပြည့်အဝ ထောက်ခံအားပေးသွားမှာ ဖြစ်ပါတယ်လို့ အမေရိကန် သမ္မတက ပြောခဲ့ပါတယ်။