အိုက်စ်လန်းက မီးတောင်ပြာတွေ ထပ်ထွက်

iceland ဓာတ်ပုံ မူပိုင် Reuters
Image caption အိုက်စ်လန်းက မီးခိုးပြာများ လေထုထဲရောက်

အိုက်စ်လန်းနိုင်ငံမှာရှိတဲ့ ဂရင်းမ်စ် ဗိုတန် မီးတောင်က မီးခိုပြာတွေ လေထုထဲကို ရောက်လာတဲ့အတွက် ဥရောပက လေယာဉ်ခရီးစဉ် ၂၀၀ ကျော်ကို ဖျက်သိမ်းထားရပါတယ်။ ဖျက်သိမ်းဖို့ ကြေငြာတဲ့ ခရီးစဉ်အများစုကတော့ စကော့တလန်နဲ့ မြောက်ပိုင်း အိုင်ယာလန်ခရီးစဉ်တွေ ဖြစ်ပါတယ်။

အိုင်ယာလန်က စရိတ်နည်းလေကြောင်းလိုင်းဖြစ်တဲ့ ရိုင်ယန်အဲ ကတော့ လေထုထဲမှာ မီးခိုးပြာ တစ်စုံတရာ မတွေ့ရသေးပဲ ဖျက်သိမ်းဖို့ ပြောတာကို ဝေဖန်ရှုံ့ချလိုက်ပါတယ်။

နောက်ပြီး စကော့တလန်မြို့တော် အီဒင်ဘာရာက ထွက်မယ့် လေယာဉ်ခရီးစဉ်တွေကို ဒီနေ့မှာတော့ မဖျက်ပဲ ပျံသန်းမယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဗြိတိသျှလေကြောင်း အာဏာပိုင်အဖွဲ့ကတော့ ဒါကို သဘောမတူပါဘူး။

အိုက်စ်လန်းမှာရှိတဲ့ တခြားမီးတောင်က မီးခိုးပြာတွေကြောင့် မနှစ်တုန်းကလည်း ဥရောပတလွှား လေယာဉ်ခရီးစဉ် အမြောက်အမြား ဖျက်သိမ်းခဲ့ရပေမယ့် အခုမီးတောင်မီးခိုးကတော့ မနှစ်ကလောက် မဆိုးနိုင်ဘူးလို့ ဥရောပ သမဂ္ဂက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘာစီလိုးနားအသင်း လန်ဒန်ကို စောရောက်မယ်

ဥရောပ ကော်မရှင်ရဲ့ ဒုတိယ ဥက္ကဌ ဆင်းမ် ကားလပ်စ်ကတော့ အခု မီးတောင်ပြဿနာဟာ အရင်ပုံစံနဲ့မတူသလို ဘေးကင်းလုံခြုံရေးဆိုင်ရာ အနေအထားကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တူမှာ မဟုတ်သလို လေကြောင်းဆိုင်ရာ ဆုံးဖြတ်လုပ်ဆောင်ပုံချင်းလည်း တူကြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဗြိတိသျှအစိုးရကလည်း လေကြောင်းလုံခြုံရေး အတွက် အကဲဖြတ် လုပ်ဆောင်နိုင်ဖို့ အရေးပေါ်အစည်းအဝေး ခေါ်ဖို့ ရှိနေပါတယ်။

တချိန်တည်းမှာပဲ စနေနေ့မှာ ဥရောပချန်ပီယံလိဂ် ဘောလုံး ဖိုင်နယ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ကန်ဖို့ရှိတဲ့ စပိန်က ဘာစီလိုးနာအသင်းကလည်း မီးတောင်ပြာ အန္တရာယ်ကြောင့် လန်ဒန်မြို့ကို ဒီနေ့မှာပဲ ကြိုတင် လေယာဉ်စီးပြီး စောစော ထွက်လာဖို့ ရှိပါတယ်။