အင်တာနက် ညီလာခံ ကျင်းပ

  • 24 မေ 2011
Sarkozy ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြင်သစ် သမ္မတ ဆာကိုဇီ

ပြင်သစ်က ပဲရစ်မြို့တော်မှာ နိုင်ငံတကာ အင်တာနက် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေပြီး အစည်းအဝေးမှာ ပြင်သစ် သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီက အင်တာနက်ကနေ ပေးခဲ့တဲ့ ခေတ်သစ်ပြောင်းလဲမှုကြီးကို ကြိုဆိုလိုက်ပြီး တစ်ဖက်မှာလည်း အင်တာနက်ကြောင့် လူတွေအနေနဲ့လည်း တာဝန်ယူမှုတွေတွေလည်း ရှိကြဖို့ အလေးပေး ပြောခဲ့ပါတယ်။

ပဲရစ်က ဒီညီလာခံကို အင်္ဂလိပ်အက္ခရာ ''E'' ထိပ်သီးညီလာခံလို့ ခေါ်ပြီး ဒီဆွေးနွေးပွဲမှာ ပညာရှင်တွေအပြင် ကမ္ဘာ့အင်တာနက်ထိပ်သီးတွေဖြစ်တဲ့ ဂူဂဲလ်၊ ဖေ့စ်ဘွတ်ခ် နဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီတွေက အမှုဆောင်လူကြီးတွေလည်း တက်ရောက်ကြပါတယ်။

သမ္မတ ဆာကိုဇီပြောတာကတော့ ကမ္ဘာတစ်ဝန်းမှာ အခုဆိုရင် အင်တာနက်က လူတွေရဲ့ နေ့စဉ်ဘဝအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာနေသလို အစိုးရတွေအနေနဲ့လည်း စည်းမျဉ်းဥပေဒတွေကို ချမှတ် လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောပါတယ်။

သမ္မတ ဆာကိုဇီဟာ မကြာခင် ရက်ပိုင်းအတွင်း ကျင်းပမယ့် ကမ္ဘာ့ထိပ်သီး G8 ညီလာခံမှာလဲ အင်တာနက်အကြောင်းအရာကို ထည့်သွင်းဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒီအကြောင်းအရာကို ထည့်သွင်းဆွေးနွေးမှုဟာ ခေါင်းဆောင်တွေကြား ပထမဆုံးဖြစ်တယ်လို့ ပဲရစ်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။