နယ်မြေ သတ်မှတ်မှု မလျှော့နိုင် ဘူးလို့ Netanyahu ပြော

  • 25 မေ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption Netanyahu ရဲ့ မိန့်ခွန်းကို အမေရိကန် ကွန်ဂရက်မှာ သြဘာပေး

အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပါလက်စတိုင်းတို့နဲ့ ငြိမ်းချမ်းရေး ရရေးအတွက် စိတ်မသက် သာစရာ အလျှော့ပေး လိုက်လျောမှု တွေ လုပ်ပေးဖို့ သူ့အနေနဲ့ အသင့်ရှိတယ်လို့ ါရှင်တန်မြို့ အမေရိကန် ကွန်ဂရက် လွှတ်တော် ပူးတွဲ ညီလာခံမှာ ထုတ်ဖေါ် ပြောလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အီရန်က စလို့ အစ္စရေးကို ရန်လိုသူတွေ ဝိုင်းနေတဲ့ အကြောင်း ပြောပြီး ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေး အတွက် အစ္စရေးဖက်က နယ်မြေတချို့ကို စွန့်လွှတ်ဖို့ အနာခံပြီး လိုက်လျောမှုလုပ်ဖို့လဲ အဆင်သင့်ပါပဲလို့ ပြောပါတယ်။

ဒါပေမဲ့လည်း အသစ် ထူထောင်မဲ့ ပါလက်စတိုင်း နိုင်ငံအနေနဲ့ ၁၉၆၇ ခုနှစ် အရှေ့ အလယ်ပိုင်း စစ်ပွဲ မတိုင်ခင်က တည်ရှိခဲ့တဲ့ နယ်စပ် ပိုင်းခြား သတ်မှတ်မှုမျိုးကိုတော့ ပြန်ရမှာ မဟုတ်ဘူးလို့ မစ္စတာ Netanyahu က ပြောပါတယ်။

သမိုင်းကို ပြောင်းပြီး နှစ်ပေါင်းလေးထောင်ကျော် ဂျူးလူမျိုးတို့နဲ့ ဂျူးဒေသရင်း ကို ခွဲခြားလို့မရပါဘူးလို့ပြောသွားပါတယ်။

သူက ပါလက်စတိုင်းနိုင်ငံတည်ရှိလာရင်တောင် ဂျော်ဒန်နဲ့ နယ်စပ်မှာ အစ္စရေးတပ်တွေ ဆက်ထားရှိသွားမယ်လို့ ဆိုပါတယ်။

မတ်တပ်ရပ် သြဘာပေးသံတွေကြောင့် ပြတ်တောင်း ပြတ်တောင်း ဖြစ်သွားခဲ့ရတဲ့ သူ့ရဲ့ မိန့်ခွန်းအတွင်း မစ္စတာ Netanyahu က ပါလက်စတိုင်း သမ္မတ Mahmoud Abbas အနေနဲ့ ဟားမာ့စ်အဖွဲ့ နဲ့ အမျိုးသားရေး ရင်ကြားစေ့ဖို့ သဘောတူ ထားချက်ကို ဆုတ်ဖြဲ ပစ်သင့် တယ်လို့ ပြောခဲ့ပါတယ်။

သမ္မတ Abbasရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ မစ္စတာ Netanyahu ရဲ့ မိန့်ခွန်းဟာ ငြိမ်းချမ်းရေး ရရေးမှာ အနှောင့်အတား သစ်တွေ ထပ်ဖြည့်ပေးလိုက်သလိုပဲလို့ ပြောပါတယ်။