ယူအက်စ် နဲ့ ယူကေရဲ့ မရှိမဖြစ် ဆက်ဆံရေး

  • 25 မေ 2011
Obama and the Queen ဓာတ်ပုံ မူပိုင် Getty
Image caption ဘုရင်မကြီးက ဧည့်ခံပွဲမှာ ၂ နိုင်ငံဆက်ဆံရေးကို အထူးပြုပြော

အခု လန်ဒန်မှာ ချစ်ကြည်ရေး ခရီးရောက်နေတဲ့ အမေရိကန်သမ္မတ အိုဘားမား ဟာ အင်္ဂါနေ့ တုန်းကတော့ လန်ဒန်က တိုင်းမ် သတင်းစာကြီးထဲမှာ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ပူးတွဲ ပြီး ၂ နိုင်ငံဆက်ဆံရေး အကြောင်း ဆောင်းပါးတပုဒ်ရေးခဲ့ပါတယ်။

အဲဒီထဲမှာ ခေါင်းဆောင် နှစ် ယောက်က နှစ်နိုင်ငံဆက်ဆံရေးဟာ essential မရှိမဖြစ်လိုအပ်တဲ့ ဆက်ဆံရေးလို့ ရည်ညွှန်းခဲ့ပါတယ်။

အရင်တုန်းက ၂ ဖက်ဆက်ဆံရေးကို ထူးခြားတဲ့ ဆက်ဆံရေး လို့ သုံးနေရာက အခုလို ပြောင်းသုံးလာတာ ဘာကြောင့်လဲ၊ စကားလုံးအပိုင်းပဲ ပြောင်းမှာလား၊ တကယ်တန်း ဘယ်လို အဓိပ္ပါယ်ဆောင်မှာလဲ၊

ဗြိတိန် နဲ့ အမေရိကန် ဆက်ဆံရေးဟာ တကယ်ပဲ မရှိမဖြစ် ဖြစ်လာနေပြီလား။

ဟိုတချိန်က နေမဝင် အင်ပါယာကို ပိုင်စိုးခဲ့တဲ့ ဗြိတိန်ဟာ ဒီဖက်နှစ်ပိုင်းတွမှာတော့ ကမ္ဘာ့မဟာအင်အားကြီး အမေရိကန်ရဲ့ အရိပ်ထိုးမှုအောက်မှာ နောက်တန်းက နေနေခဲ့ရသလို ဖြစ်နေခဲ့တာကတော့ အမှန်ပါ၊ ကမ္ဘာ့ရေးရာတွေမှာလဲ အမေရိကန်က ပဲ ပြောရေးဆိုခွင့် ပိုပြီး ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ လိုအပ်ချက်အရ အရေးကြီးခဲ့တာကတော့ အမှန်ပါပဲ၊ အမေရိကန်က ဥရောပက မဟာမိတ်တွေနဲ့ ဆက်ဆံရေးကို ဗြိတိန်နဲ့ ဆက်ဆံရေးနဲ့ တိုင်းတာတတ်တယ်လို့လဲ သုံးသပ်သူတွေကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လန်ဒန်က ကျောင်းတကျောင်းမှာ စားပွဲတင်တင်းနစ် ကစားခဲ့ကြ

ဗြိတိန် အမေရိကန် ဆက်ဆံရေးကို ၂ နိုင်ငံခေါင်းဆောင်တွေရဲ့ ရင်းနှီးမှုနဲ့လဲ တိုင်းတာကြပါတယ်။ ဗြိတိသျှလူမျိုးတွေကတော့ အမေရိကန် ခေါင်းဆောင်တွေဟာ ဗြိတိသျှခေါင်းဆောင်တွေကို တန်းတူမထားဘူးလို့ ယူဆပြီးလဲ ခံပြင်းကြတာရှိပါတယ်။

ဗြိတိသျှဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယားဟာ သူနဲ့ ခေတ်ပြိုင် အမေရိကန် သမ္မတ ဂျော့ချ်ဘုရှ်နဲ့ တော်တော်လေး ရင်းနှီး ပြီး တိုနီတွေ ဂျော့ချ်တွေ ခေါ်ကြပေမဲ့ တိုနီဘလဲယားဟာ ဂျော့ချ်ဘုရှ် ပြောသမျှလိုက်လုပ်ပေးနေရတဲ့ ဂျော့ချ်ဘုရှ်ရဲ့ ပူးဒယ်လ် ခွေးစုတ်ဖွားလေးလို့တောင် မီဒီယာတွေက သရော်ပြီး ခေါ်ခံခဲ့ရတာပါ။

အမေရိကန်သမ္မတရဲ့ ရုံးခန်းထဲက ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီရဲ့ ပလာစတာ ရုပ်တုကို ဖယ်လိုက်တာ၊ ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်းကို အမေရိကန် သမ္မတက ဘယ်စျေးဆိုင်မှာ မဆို လွယ်လွယ်ဝယ်လို့ရနေတဲ့ ဒီဗီဒီ ရုပ်ရှင်ကားအတွဲကို လက်ဆောင်ပေးခဲ့တာတွေကို ကြည့်ပြီး အမေရိကန် ဖက်က ဒီဆက်ဆံရေးကို အလေးမထားဘူးလို့ ယူကေမှာ မှတ်ယူကြတာတွေ ရှိပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေကတော့ ဒီနှစ်နိုင်ငံဟာ special relationship အထူးဆက်ဆံရေး ရှိတဲ့ နိုင်ငံတွေပါလို့ ကြုံတိုင်းပြောပါတယ်။ အခုတော့ အိုဘားမား နဲ့ ဒေးဗစ်ကင်မရွန်းတို့က ၂ နိုင်ငံဆက်ဆံရေးဟာ essential မရှိမဖြစ်လိုအပ်တဲ့ ဆက်ဆံရေးပါလို့ ဝိသေသ အသစ်ကို ထုတ်လာပါတယ်။ ဆိုချင်တာက အရင်ကလို စိတ်ခံစားမှုကို အခြေခံတဲ့ ထူးခြားတဲ့ ဆက်ဆံရေးပါလို့ ပြောမနေကြတော့ပဲ နှစ်ဖက် တူညီတဲ့ အကျိုးစီးပွားတွေ၊ တူညီတဲ့ ရည်မှန်းချက်တွေ အပေါ်အခြေခံတဲ့ ဆက်ဆံရေးပါလို့ ပြောချင်ကြတာပါ။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ သူဟာ အမေရိကန် သမ္မတနဲ့လဲ တန်းတူ ကမ္ဘာ့ရေးရာတွေကို ဦးဆောင်ကိုင်တွယ်နေတဲ့ လူ တယောက် ဖြစ်တယ် ဆိုတာကို ပြသဖို့ ကြိုးစားနေပါတယ်။

မကြာသေးခင်က လစ်ဗျားကို စစ်ဆင်ရေးကို နှစ်နိုင်ငံလုံးက သဘောတူပြီး လုပ်ခဲ့တယ်၊ အာရပ်ကမ္ဘာက ဒီမိုကရေစီ တောင်းဆိုမှုတွေကိုလဲ အားပေးသွားကြဖို့ နှစ်ဦးသဘောတူထားကြတယ်၊

ဆီးရီးယားမှာ ဖြစ်နေတဲ့ အခြေအနေတွေကိုလဲ ဘယ်လို ဆက်ကိုင်တွယ် သင့်တယ် ဆိုတာကို ဆွေးနွေးကြဦးမယ်။

အကြမ်းဖက်မှု ဆန့်ကျင်ရေး စစ်ပွဲတွေကို တိုက်ခဲ့တယ်၊ ကိုယ့်နိုင်ငံ အသီးသီးမှာလဲ အကြမ်းဖက်မှု အန္တရာယ်ကို ရင်ဆိုင်နေရဆဲ ဆိုတော့ လုံခြုံရေးကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေး မကောင်းပဲ နေလို့မရအောင် စည်းနှောင်ပေးထားတဲ့ ကော်တမျိုးပါပဲလို့ ဘီဘီစီရဲ့ သံတမန်ရေး သတင်းထောက် ဘရစ်ဂျစ် ကင်ဒယ်က သုံးသပ်ပါတယ်။