IMF အကြီးအကဲ​နေရာ ပြင်​သစ်​ဝင်ပြိုင်

  • 25 မေ 2011

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အကြီးအကဲ ရာထူးအတွက် ဝင်အရွေး ခံမယ်၊ မခံဘူး သတင်းတွေ ထွက်ပြီးနောက်မှာ အခုတော့ ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီး ခရစ္စတင်း လာဂါ့က IMF အကြီးအကဲ နေရာအတွက် ဝင်ပြိုင်မယ်လို့ အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption IMF အကြီးအကဲနေရာအတွက် ဝင်ပြိုင်မယ့် ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး

သူသာ အရွေးခံရမယ်ဆိုရင် ရှေ့နေ၊ ထိပ်တန်း စီးပွားရေးသမား၊ ဝန်ကြီးစတဲ့ သူ့ အတွေ့အကြုံတွေကို အသုံးချသွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

ပြင်သစ် သမ္မတကရော၊ ဝန်ကြီးချုပ်ကပါ သဘောတူပြီးနောက်မှာ သူတို့ကလည်း ထောက်ခံကြတာနဲ့ ဝင် အရွေးချယ်ခံဖို့ ဆုံးဖြတ်ခဲ့တာပါလို့ ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီးက ပြောခဲ့ပါတယ်။

မနေ့ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေက IMF အကြီးအကဲ ရာထူးနေရာကို ဥရောပ တနိုင်ငံကနေပဲ ရွေးချယ် ခန့်ထားနေတဲ့ ထုံးစံကို စွန့်လွှတ် သင့်ပြီလို့ တောင်းဆို လိုက်ပါတယ်။

IMF အရင် အကြီးအကဲ ဒေါမနစ် စတောက် ခန်း မှာ လိင်မှုဆိုင်ရာ မတော်မတရား လုပ်ခဲ့တယ်လို့ စွပ်စွဲ ဖမ်းဆီးခံရပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်က ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။