ဆွစ်ဇာလန် နျူးကလီးယား ရပ်ဆိုင်း

  • 25 မေ 2011
Swiss Nuke
Image caption ဆွစ်ဇာလန် နျူးကလီးယား ဓါတ်အားပေး စက်ရုံ

ဆွစ်ဇာလန်နိုင်ငံမှာ အသစ်ဆောက်လုပ်နေတဲ့ နျူးကလီးယား ဓါတ်ပေါင်းဖိုကို ဆက်မဆောက်ပဲ ရပ်တန့်လိုက်တော့မှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးက ကြေငြာလိုက်ပါတယ်။

ဂျပန် ဖူကူရှီးမားမှာ နျူးကလီးယား စွမ်းအင်နဲ့ ပတ်သက်ပြီး အကြီးအကျယ် ပြဿနာ ပေါ်ခဲ့ပြီးနောက်မှာ ဆွစ်ဇာလန် နိုင်ငံဟာ နျူးကလီယား စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ ဆောက်လုပ်မှုကို ရပ်ဆိုင်းလိုက်တဲ့ ပထမဆုံး ဥရောပ တိုင်းပြည် ဖြစ်လာပါတယ်။

စက်ရုံသစ် ဆောက်လုပ် မှုကို ရပ်ဆိုင်း လိုက်ရုံသာ မကဘဲ လက်ရှိ ရှိပြီးသား ဖြစ်တဲ့ ဓါတ်အားပေး စက်ရုံ ၅ ရုံကိုလည်း တဖြည်းဖြည်း ပိတ်သွားဖို့ စီစဉ်ထားပါတယ်။ နောက်နှစ်ပေါင်း အစိတ် လောက်ကြာရင် လုံးဝ ရပ်ဆိုင်း ပိတ်ပင် လိုက်တော့ မယ်လို့ ဆိုပါတယ်။

နောင်နှစ်ပေါင်း အစိတ် ကြာရင် ဆွစ်ဇာလန်ဟာ နျူးကလီးယား ကင်းမဲ့ ဇုန် ဖြစ်သွား ပါတော့မယ်။ နျူးကလီးယား စွမ်းအင် နေရာမှာ ပြန်လည် အစားထိုး နိုင်တဲ့ စွမ်းအင်လို့ ခေါ်ကြတဲ့ ရေအား လျှပ်စစ်၊ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာ လျှပ်စစ်၊ လေရဟတ်သုံး လျှပ်စစ် စွမ်းအင် တွေကို အစား ထိုးလာ မှာပါ။

ဒါပေမဲ့ တချိန်တည်းမှာ စွမ်းအင်ခြွေတာမှုကိုလည်း လုပ်ဖို့ လိုမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဆွစ်ဇာလန် နိုင်ငံမှာ နျူးကလီးယား ဆန့်ကျင်တဲ့ သူတွေ သောင်းနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြသူတွေကတော့ စွမ်းအင်ဝန်ကြီးရဲ့ အခုကြေငြာချက်ကို လှိုက်လှိုက်လှဲလှဲကို ကြိုဆိုကြပါတယ်။

ဒါပေမဲ့ နျူးကလီးယား ဓါတ်ပေါင်းဖိုဟောင်းနှစ်ခုကို ချက်ချင်း ပိတ်ပစ်လိုက်ဖို့ဆိုတဲ့ သူတို့ရဲ့ တောင်းဆိုချက်အပေါ်မှာ အစိုးရက ဘာမှ မတုန့်ပြန်တာကို တော့ စိတ်ပျက်မိတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

ဆန္ဒပြသူတွေ ဘက်က အခုလို တောင်းဆိုတဲ့ အကြောင်း ပြချက် ကတော့ တကယ်လို့ ငလျင် ကြီးကြီး မားမား လှုပ်ခဲ့ရင် ရေလွှမ်းမိုးခဲ့ရင် အဲဒီဓါတ်ပေါင်းဖို ဟောင်း နှစ်ခုဟာ ခံနိုင်ကြမှာ မဟုတ်လို့ ဖြစ်ပါတယ်။