အိုဘားမားနဲ့ ကင်မရွန်း ပူးတွဲ သတင်းစာရှင်းလင်း

  • 25 မေ 2011
Obama ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်နဲ့ ဗြိတိန်ဆက်ဆံရေးဟာ မရှိမဖြစ် လိုအပ်တယ်လို့ အိုဘားမားက ဆို

အမေရိကန် သမ္မတ အိုဘားမားနဲ့ ဗြိတိသျှ ဝန်ကြီးချုပ် မစ္စတာ ကင်းမရွန်း တို့ဟာ မကြာခင် နာရီပိုင်းက ဗြိတိန်သျှ အချိန် နေ့ခင်းပိုင်း မှာပဲ ဝန်ကြီးချုပ် ရဲ့ ဒေါင်းနင်းလမ်း နေအိမ်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

သမ္မတနဲ့ ဝန်ကြီးချုပ် ကတော် တွေကနေ တည်ခင်းတဲ့ မြက်ခင်းပြင် ပေါ်မှာ အသားကင် အတူ စားပြီးနောက် တံခါးပိတ် ဆွေးနွေး ခဲ့ကြ ပါတယ်။

ဆွေးနွေး ခဲ့တဲ့ အကြောင်းအရာ တွေနဲ့ ပတ်သက်လို့ ခေါင်းဆောင် နှစ်ဦးက လန်ဒန်မှာ ရှိတဲ့ စိန့်ဂျိန်း နန်းတော် အတွင်းက လန်ကတ်စတာ အိမ်တော်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ ပါတယ်။

ခေါင်းဆောင် နှစ်ဦး ပထမဆုံး ပြောတာ ကတော့ နှစ်နိုင်ငံကြား ထူးခြားတဲ့ ဆက်ဆံရေး တွေ အကြောင်းပါ။

သမ္မတ အိုဘားမား ကတော့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ သမိုင်း ကြောင်းအရ၊ စိတ်ခံစားချက် တွေကြောင့် တင်မက နှစ်နိုင်ငံခြား တူညီ ထားရှိ ကြတဲ့ တန်ဖိုးတွေ၊ စံနှုန်းတွေ ကြောင့်ပါ ဘယ်တုန်း ကနဲ့မှ မတူအောင်ကိုပဲ ထူးခြားတယ်လို့ ဆိုပါတယ်။

တစ်ခါ မစ္စတာ ကင်မရွန်းကလဲ နှစ်နိုင်ငံဆက်ဆံရေးက ထူးခြားရုံတင်မက နှစ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ကြွယ်ဝချမ်းသာရေးတို့အတွက် မရှိမဖြစ်အရေးပါတဲ့ အနေအထားလို့ ပြောသွားပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင် ၂ ဦး ဟာ လက်ရှိ နိုင်ငံတကာ ရေးရာ အများအပြားမှာ ဦးဆောင် လှုပ်ရှား နေကြ သူတွေ ပီပီ သူတို့ ဆွေးနွေး ခဲ့ကြတဲ့ အကြောင်းအရာ တွေထဲမှာ ကမ္ဘာ့ စီးပွားရေး၊ အာဖဂတန် နစ္စတန်အရေး၊ ဆီးရီးယား၊ ယီမင်စတဲ့ အရှေ့အလယ်ပိုင်းက လူထုလှုပ်ရှားမှုတွေနဲ့အတူ လစ်ဗျားနိုင်ငံ အရေးကို ထိပ်ဆုံးမှာ ထားပြီး ဆွေးနွေးခဲ့ကြပါတယ်။

လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီ ကနေ အရပ်သား တွေကို တိုက်ခိုက်တာ မရပ်မချင်း စစ်ဆင်ရေးတွေ လုပ်သွားမယ်၊ ကဒါဖီအနေနဲ့ အာဏာကို လက်လွှတ်ပြီး လစ်ဗျား ပြည်သူတွေဆီ လွှဲပေးရမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ကလည်း ဗိုလ်မှူးကြီး ကဒါဖီကို ဖိအားပေးဖို့ နည်းလမ်း ပေါင်းစုံ စဉ်းစား နေကြတယ်လို့ ပြောပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ ပါကစ္စတန် နိုင်ငံအတွင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး အကြောင်း၊ နောက်ပြီး အာဖကန် နစ္စတန်နိုင်ငံ ကနေ နှစ်နိုင်ငံရဲ့ တပ်တွေ ဆုတ်ခွာ နိုင်ဖို့ ဆွေးနွေး ခဲ့ကြသလို အာဖဂန်မှာ ၂၀၁၃ ကျရင် အသွင် ပြောင်းနိုင်ဖို့ ဆွေးနွေး ခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ ဗြိတိသျှပါလီမန်လွှတ်တော် ၂ ရပ်စလုံး ကိုလည်း ဒီနေ့ မိန့်ခွန်းပြောကြား ခဲ့ပါတယ်။

မနက်ဖြန် ပြင်သစ်နိုင်ငံမှာ ဆွေးနွေးကြမယ့် G8 ကမ္ဘာ့ထိပ်သီး နိုင်ငံများ ဆွေးနွေးပွဲမှာ လည်း ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ ဆန္ဒရှိတဲ့ နိုင်ငံတွေ အပေါ် စီးပွားရေး အရရော နိုင်ငံရေး အရပါ အကူအညီ ပေးနိုင်ဖို့ အလေးပေး ပြောသွားမယ်လို့ မစ္စတာ ကင်မရွန်းက ပြောပါတယ်။