ဖီဖာ ဥက္ကဌ အရွေးခံမဲ့ လူတွေ အငြင်းပွားနေ

  • 27 မေ 2011

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဥက္ကဌရာထူး အတွက် ဝင်အရွေးခံကြမဲ့ လူ နှစ်ယောက် အကြား အပြန်အလှန်တိုက်ခိုက်မှုတွေကတော့ ပိုပြီး ပြင်းထန်လာနေပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဥက္ကဌ ဝင်အရွေးခံမဲ့ ဘင် ဟာမန်

အခုလောလောဆယ် ဖီဖာ အုပ်ချုပ်ရေးအဖွဲ့ အတွင်း လာဘ်စားမှု ရှိနေတယ်ဆိုတဲ့ စွဲချက်တွေကို စုံစမ်းစစ်ဆေးတဲ့ နေရာမှာ လက်ရှိ ဥက္ကဌ ဆက် ဘလက်တာကို လဲ စစ်ဆေးဖို့ သူနဲ့ ယှဉ် အရွေးခံမဲ့ အာရှ ဘောလုံးအဖွဲ့ ချုပ် ဥက္ကဌ မိုဟာမက် ဘင် ဟာမန်က တောင်းဆိုလိုက်ပါတယ်။

မစ္စတာ ဘင် ဟာမန် ကိုလဲ ဖီဖာရဲ့ ကျင့်ဝတ်ကော်မီတီ က မေးမြန်းဖို့ တနင်္ဂနွေနေ့မှာ ဆင့်ခေါ်ထားပါတယ်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့် ကို ၂၀၁၈ ခုနှစ်မှာ ရုရှား၊ ၂၀၂၂ ခုနှစ်မှာ ကာတာကို ပေးခဲ့တဲ့ နေရာမှာ နောက်ကွယ်မှာ ငွေအပေးအယူတွေရှိခဲ့တယ်ဆိုတဲ့ စွဲချက်တွေကို ဖီဖာ ရင်ဆိုင်နေရတာပါ။

မစ္စတာ ဟာမန်ကိုယ်တိုင်ကတော့ ကာတာ နိုင်ငံသား ဖြစ်ပါတယ်။

ဘီဘီစီက ရရှိထားတဲ့ အီးမေးလ် တစောင် အရဆိုရင် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်ကို ရွေးချယ်ကြတုန်းက ဖီဖာရဲ့ ဒုတိယ ဥက္ကဌ ထရီနီဒတ် နိုင်ငံသား ဂျက်ဝါနာဟာ ကျင့်ဝတ်နဲ့ မလျော်ညီတဲ့ အလုပ်တွေ လုပ်ခဲ့တယ်ဆိုတာကို ဖော်ပြသလို တွေ့ရပါတယ်။

ဗြိတိသျှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌဟောင်း လော့ဒ် ထရစ်စတန်းကလဲ ဖီဖာ လူကြီးတွေ ကြားမှာ အကျင့်ပျက် လာဘ်စားမှုတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲထားခဲ့ပါတယ်။

ဖီဖာ ဥက္ကဌ ကို ဒီလကုန် ဆွစ်ဇာလန် နိုင်ငံ ဇူးရစ်မြို့မှာ ဖီဖာ ကွန်ဂရက် အဖွဲ့က မဲပေး ရွေးချယ်မှာ ဖြစ်ပါတယ်။