ဘော့စနီးယား ဆာ့ဘ် စစ်ရာဇဝတ် တရားခံ မိပြီ

  • 26 မေ 2011
Mladic
Image caption ဗိုလ်ချုပ်ကြီး မလာဒစ်ချ်ကို ဖမ်းပေးဖို့ ဆားဘီးယား ကို တောင်းဆိုခဲ့ကြ

လူမျိုးတုန်း သတ်ဖြတ်မှု တွေနဲ့ စွပ်စွဲ ခံရ ပြီးတဲ့ နောက် ၁၅ နှစ်ကျော် ကြာအောင် ထွက်ပြေး တိမ်းရှောင် နေခဲ့တဲ့ ဘော့စနီးယား ဆာ့ဘ် စစ် ခေါင်းဆောင် ဟောင်း ရတ်ကို မလာဒစ်ချ် ကို ဖမ်းဆီး လိုက်ပြီ ဖြစ် ပါတယ်။

သူ့ကို ကြာသပတေးနေ့ မနက်ပိုင်း တုန်းက နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ ရွာ တရွာမှာ ဖမ်းဆီး ခဲ့တာ ဖြစ်ကြောင်း ဆားဘီးယား သမ္မတ ဘောရစ်တာဒစ်ချ် က ပြောပါတယ်။

သူဟာ စာရွက် စာတမ်း အတု တွေကို ကိုင်ဆောင် ထားပြီး၊ ဟောင်းနွမ်း နေတဲ့ အိမ် တအိမ်မှာ နေထိုင် နေခဲ့တာပါ။

သူဟာ ဖမ်းဆီး မှုကို မငြင်း ဆန်ခဲ့ ဘူးလို့ ဆားဘီးယား နိုင်ငံက သတင်း တွေက ဆိုပါတယ်။

ဒါ့အပြင် သူ့ကို နောက်ဆုံး လူမြင်ကွင်းမှာ တွေ့ခဲ့ ရတဲ့ အခြေအနေ ထက်စာရင် အတော်ကို အိုစာ သွားပြီ လို့လည်း သတင်း တွေက ဆိုပါတယ်။

ဆားဘီးယား သမ္မတ မစ္စတာ တာဒစ်ချ်က ဒီဖမ်းဆီး မှုကြောင့် ဆားဘီးယားရဲ့ သမိုင်း စာမျက်နှာ တခုကို အပြီး သတ်နိုင် ခဲ့ပြီလို့ ဆိုခဲ့ပြီး ဥရောပ သမဂ္ဂနဲ့ ဆက်သွယ်မယ့် တံခါး ကိုလည်း ဖွင့်လိုက် နိုင်ပြီ လို့ ပြောပါတယ်။

မစ္စတာမလာဒစ်ချ်ကို ဘော့စနီးယား စစ်ပွဲတုန်းက ရှာဘရက် နစ်ဇာမှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေအပါအဝင် ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိကြောင်း ၁၉၉၅ ခုနှစ်တုန်းက စွပ်စွဲထားခဲ့တာဖြစ်ပါတယ်။

မလာဒစ်ချ် ဖမ်းဆီးမှု အပေါ် နိုင်ငံတကာက တုန့်ပြန်

ဓာတ်ပုံ မူပိုင် AP
Image caption ကက်သရင်း အက်ရှ်တန်က ဆားဘီးယား အစိုးရကို ချီးကျူးခဲ့

ဗိုလ်ချုပ်ကြီး မလာဒစ်ချ်ကို ဖမ်းဆီး ခဲ့တာနဲ့ ပတ်သက်ပြီး တုန့်ပြန် မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ရှိနေ ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော် က သူတို့ စကား အရ၊ ဒီလို ရာဇဝတ်ကောင် မျိုး အတွက် တရား မျှတမှု ကို ရရှိ တော့မယ်လို့ ဆိုပါတယ်။

ဥရောပ သမဂ္ဂ နိုင်ငံခြား မူဝါဒ ရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် ကလည်း ဆားဘီးယား ခေါင်းဆောင် တွေရဲ့ ခုလို ဖမ်းဆီး ခဲ့တဲ့ သတ္တိကို ချီးကျူး လိုက်ပြီး ဒါဟာ ဥရောပ သမဂ္ဂနဲ့ ဆက်ဆံရေး မှာ အပြုသဘော ဆောင်တဲ့ တိုးတက်မှု ဖြစ်သလို ဆားဘီးယား ရဲ့ ဥပဒေ စိုးမိုးမှုကို ပြသ တာလည်း ဖြစ်တယ် လို့ ဆိုပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်ဂ် ကတော့ ဒီ ဒေသ အတွက် သမိုင်းဝင် အချိန် ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။

ရှာဘရက် နစ်ဇာ မှာ အသတ်ခံ ရသူ တွေရဲ့ ဆွေမျိုး တွေ ကတော့ သူ့ကို လုံးဝ မမိတာ ထက် စာရင် အခု ဖြစ်ရပ်ဟာ ပိုကောင်း တယ်လို့ ဆိုကြပြီး အချို့ ကတော့ အမှု စီရင်ချက် မချခင် သူ သေသွား မှာ စိုးတယ် လို့ ပြောကြ ပါတယ်။

မလာဒစ်ချ် ရဲ့ တပ်ဖွဲ့တွေ ကလူတွေ ကို အစုလိုက် အပြုံလိုက် သတ်ခဲ့

Image caption မလာဒစ်ချ် ဟာ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း မှာတော့ လူမြင်ကွင်းက ပျောက်သွားခဲ့

ဗိုလ်ချုပ်ကြီး ရတ်ကို မလာဒစ်ချ် ဟာ ဘော့စနီးယား စစ်ပွဲ ကာလ တလျှောက်လုံး ဘောစနီးယား ဆာ့ဘ် စစ်တပ် ကို ဦးဆောင်ခဲ့ တာကြောင့် အဲဒီ ပဋိပက္ခ အတွင်း ဆိုးရွား လွန်း လှတဲ့ ရက်စက် ကြမ်းကြုတ်မှု တွေ အတွက် တာဝန်ရှိတဲ့ သူတဦး အဖြစ် စွပ်စွဲခံရ တာပါ။

သူဟာ ဘော့စနီးယား စစ်ပွဲမှာ ခရိုအက် လူမျိုးတွေ နဲ့ ဘောစနီးယား မူဆလင် တွေကို လူမျိုးပြုန်း အောင် သုတ်သင်ဖို့ ဆာတ့် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှု ကို လှုံ့ ဆော်တဲ့ ဆာ့ဘ် နိုင်ငံရေး ခေါင်းဆောင် ရာဒိုဗန် ကရာဒစ်ချ် နဲ့ အတူတူ ဆောင်ရွက်ခဲ့တဲ့ သူပါ။

ရတ်ကို မလာဒစ်ချ် ရဲ့ ရက်စက် ကြမ်းကြုတ်မှု တွေ ထဲ မှာ ၁၉၉၅ မှဖြစ်ခဲ့တဲ့ ရှာဘရက် နစ်ဇာ မြို့ က အဖြစ်အပျက် က အဆိုးဆုံးပါ။

ဘော့စနီးယား စစ်ပွဲ ကာလ အတွင်း ကုလသမဂ္ဂ ရဲ့ အစောင့်အရှောက် ခံ အဖြစ် သတ်မှတ်ပေးထားတဲ့ အဲဒီမြို့ အတွင်း ကို ရတ်ကို မလာဒစ်ချ် ဦးဆောင်တဲ့ ဘော့စနီးယား ဆာ့ဘ် တပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်ပြီး နောက်နေ့ မှာပဲ မူဆလင် ၇၅၀၀ လောက် ကို အစုလိုက်အပြုံလိုက် သတ်ဖြတ် ခဲ့ပါတယ်။

ဒါဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ကာလ ဥရောပ မှာ အဆိုးဆုံး သောရက်စက် ကြမ်းကြုတ်မှု တခုပါ။

ဘော့စနီးယား စစ်ပြီးတော့ အဲဒီတုန်း က သမ္မတ ဆလိုဗိုဒန် မီလိုဆဗစ်ချ် ရဲ့ ချီးမြှောက် မှုတွေ အကာအကွယ် ပေးထားမှု တွေနဲ့ သူဟာ ကောင်းစား နေခဲ့ပါတယ်။

မီလိုဆဗစ်ချ် ကို သည် ဟိတ် နိုင်ငံတကာ စစ်ရာဇဝတ် တရားရုံး မှာ ရုံးတင်ဖို့ ၂၀၀၁ မှာ ဖမ်းတဲ့ အခါ မှ သူဟာ လူမြင်ကွင်း ကပျောက်ကွယ်နေခဲ့တာပါ။

ခုတော့ သူဟာ မီလို ဆဗစ်ချ် လိုဘဲ သည်ဟိတ် မြို့က နိုင်ငံတကာ တရားရုံးမှာ အမှုကို ရင်ဆိုင်ရမယ့် အခြေအနေ ဖြစ်ပါတယ်။