သမ္မတ Obama ရဲ့ ဗြိတိန် ခရီးစဉ် အဆုံးသတ်

  • 26 မေ 2011
obama ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဗြိတိန် အောက်လွှတ်တော်နဲ့ အထက် လွှတ်တော် တွေမှာ Obama မိန့်ခွန်းပြော

ဗြိတိသျှ အောက်လွှတ်တော်နဲ့ အထက် လွှတ်တော် နှစ်ခုစလုံးကို ပြောတဲ့ သမိုင်းဝင် မိန့်ခွန်းထဲမှာ အမေရိကန် သမ္မတ Obama က ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ ကမ္ဘာ တဝှမ်း အပြောင်းအလဲ ဖြစ်ရေး လုပ်ရပ်တွေ အတွက် အကြီးမားဆုံး အထောက်အကူ နိုင်ငံတွေ အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်တယ် လို့ ပြောသွားပါတယ်။

တရုတ်၊ အိန္ဒိယနဲ့ တခြား အင်အားကြီးစ နိုင်ငံတွေ တဟုန်ထိုး ပေါ်ထွန်းလာနေတဲ့ကြားကပဲ ဗြိတိန်နဲ့ အမေရိကန် တို့ဟာ သည်းခံနိုင်မှု၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် တန်ဖိုးတွေအတွက် မားမားရပ်ဖို့ စိတ်ဆန္ဒ အရှိဆုံး နိုင်ငံတွေ ဖြစ်ကြတယ်လို့ သမ္မတ Obama က ပြောပါတယ်။

သမ္မတ Obama က အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိက ဒေသကနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကို လမ်းမတွေပေါ်က ထွက်ပေါ်လာတဲ့ တော်လှန်ရေးလို့ သုံးနှုန်းထားပြီး အဲဒီအကြောင်းတွေကို သူ့ရဲ့ မိန့်ခွန်းထဲမှာ အများစု ပြောသွားပါတယ်။

အနောက်အုပ်စု နိုင်ငံတွေအနေနဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိက ဒေသက နိုင်ငံအတော်များများ အပေါ် သံသယတွေ၊ မယုံကြည်မှုတွေ မထားဖို့ လိုကြောင်း၊ ဒီမယုံကြည်မှု တွေဟာ အာဏာရှင်တွေ တည်တန့်အောင် ကျားကန်ပေးထားသလို ဖြစ်နေကြောင်းနဲ့ နိုင်ငံသားတွေ လွတ်လပ်မှ လူမှု အသိုင်းအဝိုင်း အနေနဲ့ အောင်မြင်မှု ပိုရနိုင်တယ်ဆိုတာကို ပြသဖို့လိုကြောင်း သမ္မတ Obama က ပြောသွားပါတယ်။

ဒါ့အပြင် အကြမ်းဖက်ဝါဒီတွေရဲ့ ကွန်ယက်တွေကို ဖျက်သိမ်းနိုင်ရေး အပါအဝင် ရှေ့လျှောက် ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကိုလည်း သမ္မတ Obama က သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆို သွားပါတယ်။

သမ္မတ Obama ဟာ သူ့ရဲ့ ဗြိတိန် ခရီးစဉ် နောက်ဆုံးနေ့မှာ ဗြိတိန်နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးရဲ့ အိမ်မှာ Elizabeth ဘုရင်မကြီးကို ညစာ စားပွဲ တည်ခင်းခဲ့ပါတယ်။

ဧည့်သည်တော်တွေထဲမှာ ဗြိတိသျှနဲ့ အမေရိကန် အနုပညာရှင်တွေ၊ အားကစားသမားတွေ ပါဝင်ပါတယ်။

ဒီကနေ့ နှောင်းပိုင်းမှာတော့ သမ္မတ Obama ဟာ ပြင်သစ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး အဲဒီမှာ ကျင်းပမဲ့ G8 စီးပွားရေး အင်အားကြီး နိုင်ငံ ၈နိုင်ငံရဲ့ ထိပ်သီး ဆွေးနွေးပွဲကို တခြား ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေနဲ့အတူ သူနဲ့ ဗြိတိန် ဝန်ကြီးချုပ် David Cameron တို့ တက်ရောက် ကြမှာ ဖြစ်ပါတယ်။