ယီမင်မှာ တိုက်ပွဲတွေ ပိုပြင်းထန်နေ

  • 26 မေ 2011
Yemen ဓာတ်ပုံ မူပိုင် Reuters
Image caption ယီမင် သမ္မတ အဗ္ဗဒူလာ ဆာလေးက နှုတ်ထွက်ဖို့ ငြင်းဆန် နေပါတယ်

ယီမင် နိုင်ငံမှာ အင်အား အကောင်းဆုံး လူမျိုးစု အုပ်စု လက်နက်ကိုင် တွေနဲ့ အစိုးရ တပ်တွေ ကြား တိုက်ပွဲတွေ ပို ပြင်းထန် လာတာကြောင့် ပြီးခဲ့တဲ့ ညအတွင်း မြို့တော် ဆန်နား (Sanna) မှာ လူ နှစ်ဆယ်ကျော် သေဆုံး သွားခဲ့ ပါတယ်။

သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး က ရာထူး ကနေ ဆင်းပေးဖို့ သဘော တူညီချက် ကို လက်မှတ် မထိုးဘဲ ငြင်းဆန် ခဲ့ပြီး နောက်တနေ့၊ တနင်္လာနေ့ က စတင်ပြီး ဖြစ်ပွား ခဲ့တဲ့ အကြမ်း ဖက်မှု တွေ အတွင်း သေဆုံး သူ ၈၀ ကျော် သွားပြီ ဖြစ်ပါတယ်။

ယီမင် သမ္မတက လူမျိုးစု ခေါင်းဆောင် Sadiq al Ahmar နဲ့ သူ့ညီ အကိုတော် တယောက်ကို ဖမ်းဆီးဖို့ အမိန့် ထုတ်ထား ပါတယ်။

စောစောပိုင်း မှာတုန်းက အမေရိကန် ပြည်ထောင်စု က မရှိမဖြစ် လိုအပ်သူ တွေကလွဲ ပြီး သံတမန် တွေနဲ့ အမေရိကန် နိုင်ငံသား တွေကို ယီမင် နိုင်ငံက ထွက်ခွာဖို့ ညွှန်ကြား ထားပါတယ်။