ဆာဘ် ဗိုလ်ချုပ်ကြီးကို စစ်ခုံရုံး လွှဲမယ်

  • 27 မေ 2011

ဘော့စနီးယား ဆာ့ဘ် ဗိုလ်ချုပ်ကြီးဟောင်း ရတ်ကို မလာဒစ်ချ်ဟာ သဟိတ် မြို့က နိုင်ငံတကာ စစ်ရာဇဝတ် ခုံရုံး မှာ ကြားနာ စစ်ဆေး ခံနိုင်တဲ့ ကျန်းမာရေး အခြေ အနေ ရှိတယ်လို့ ဆားဘီးယား တရားသူကြီးက ဆုံးဖြတ်လိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆာ့ဘ် စစ်ခေါင်းဆောင် ကို ဖမ်းမိတဲ့ သတင်း ဆားဗီးယား မှာ ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြ

ကျန်းမာ ရေး ဆေးစစ်ချက်တွေ အမျိုးမျိုး လုပ်ဆောင်ခဲ့ပြီးတဲ့ နောက် ရတ်ကို မလာဒစ်ချ်ဟာ နာတာရှည် ရောဂါတွေ ခံစား နေရတယ် ဆိုပေမဲ့ နိုင်ငံတကာ စစ်ရာဇဝတ် ခုံရုံးကို လွှဲပြောင်း ပြီး တရား ရင်ဆိုင်ဖို့ ကျန်းမာရေး ကောင်းမွန်တယ် ဆိုတာ အတည်ပြုနိုင်တယ် လို့ တရားရုံး ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး မလာဒစ်ချ်ရဲ့ ရှေ့နေ ကတော့ အဲဒီ ဆုံးဖြတ်ချက်ကို အယူခံ ဝင်မယ်လို့ ပြောပါတယ်။

၁၆ နှစ်လုံးလုံး အဖမ်း မခံရအောင် တိမ်းရှောင် နေခဲ့ပြီးတဲ့ နောက် သူ အဖမ်းခံခဲ့ရတဲ့ ကြာသပတေးနေ့က စတင်ပြီး ကြားနာ စစ်ဆေးမှု ပြုလုပ်ခဲ့တာပါ။

စောစောပိုင်းကတော့ ဗိုလ်ချုပ်ကြီးဟောင်း မလာဒစ်ချ်ဟာ လူမျိုးတုန်း သတ်ဖြတ်မှု အပါအဝင် သူ့အပေါ် စွဲချက်တွေနဲ့ ပတ်သက်ပြီး ကြားနာ စစ်ဆေး ခံယူနိုင်လောက်အောင် ကျန်းမာရေး မကောင်းဘူးလို့ သူ့ ရှေ့နေက ပြောခဲ့ ပါတယ်။

ဒါပေမဲ့ ဆားဘီးယား စစ်ခုံရုံး ထိပ်တန်း တရားလို ရှေ့နေက တရားခံ ရှေ့နေဟာ နိုင်ငံတကာ စစ်ခုံရုံးကို လွှဲပြောင်း ပေးရေး ကိစ္စ အချိန်ဆွဲ ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဗိုလ်ချုပ်ကြီး ရဲ့ ကျန်းမာရေး ကို ချဲ့ကား ပြောတယ်လို့ ယူဆကြောင်း ပြောပါတယ်။

တုံ့ပြန်ချက်များ

ဓာတ်ပုံ မူပိုင် AP
Image caption ၁၆ နှစ်ကြာ တိမ်းရှောင် နေခဲ့သူကို ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်

ဗိုလ်ချုပ်ကြီးဟောင်း မလာဒစ်ချ်ကို ဖမ်းဆီးခဲ့မှုနဲ့ ပတ်သက်ပြီး ဘောစနီးယား နိုင်ငံတွင်းမှာ တုံ့ပြန်မှုတွေ အမျိုးမျိုး ရှိခဲ့ပါတယ်။

သူ့ကို စစ်သူရဲကောင်း အဖြစ် သဘောထား နေကြဆဲ ဖြစ်တဲ့ သူ့ကို ထောက်ခံကြသူ တွေက ဖမ်းဆီးမှုကို ကန့်ကွက် ကြောင်း ပြောကြ ပါတယ်။

ပဋိပက္ခ ကာလ အတွင်း ဗိုလ်ချုပ်ကြီး မလာဒစ်ချ်ရဲ့ တပ်ဖွဲ့တွေ သိမ်းပိုက်တာ ခံခဲ့ကြရတဲ့ ဘော့စနီးယား နိုင်ငံ ဆာရီရေးဗိုး မြို့တော် မှာတော့ သူ့ကို ဖမ်းဆီးမိတဲ့ သတင်းကို ကြိုဆို ခဲ့ပါတယ်။

ပြည်ပ မှာလည်း ဗိုလ်ချုပ်ကြီး မလာဒစ်ချ်ကို ဖမ်းဆီးမိခဲ့မှု အပေါ် တခဲနက် ကြိုဆို ခဲ့ကြတဲ့ အပြင် ဒီကိစ္စဟာ ဆားဘီးယား နိုင်ငံ ဥရောပ သမဂ္ဂ အဖွဲ့ဝင် ဖြစ်ရေးမှာ အရေးကြီးတဲ့ အောင်မြင်မှု တစ်ရပ် အဖြစ် မြင်ကြ ပါတယ်။

ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ဒါဟာ နိုင်ငံတကာ ဆိုင်ရာ တရားမျှတမှု အတွက် သမိုင်းဝင် နေ့ တစ်နေ့ ဖြစ်တယ်လို့ ပြော ပါတယ်။

ရုရှား နိုင်ငံ ကတော့ ကြားနာ စစ်ဆေးမှုဟာ ဘက်မလိုက်ဘဲ မျှတ မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။