မလာဒစ်ချကို သဟိတ် ခုံရုံးကို လွှဲမည်

  • 28 မေ 2011
Mladic
Image caption ဆာ့ဘ် သမ္မတ မလာဒစ်ချကို ဘော့ဇနီးယားမှာ အစုလိုက် အပြုံလိုက် သတ်မှုနဲ့ အလိုရှိနေ

ဆားဘီးယား နိုင်ငံမှာ မကြာခင်က ဖမ်းဆီး နိုင်လိုက်တဲ့ ဆာ့ဘ် တပ်မှုးဟောင်း ရတ်ကို မလားဒစ်ချကို သူ့မိသားစုက ကျန်းမာရေး အကြောင်း ပြပြီး သဟိတ် ခုံရုံးကို လွှဲမပေးဖို့ တောင်းပန် နေပေမယ့် မလားဒစ်ချက်ကို သဟိတ်က ရာဇဝတ် ခုံရုံးကို လွှဲပေးမှာ ဖြစ်တယ်လို့ ဆားဘီး ယား သမ္မတ ဘောရစ် တာဒစ်ချက ဘီဘီစီကို ပြောပြ ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး မလာဒစ်ချကို ဖမ်းဆီး ရမိတာကို ဆားဘီးယား အစိုးရက ကြာသပတေးနေ့က ကြေညာ ခဲ့ပါတယ်။

သူ့ကို ၁၉၉၄ ဘော့ဇနီးယား အရေး အခင်းမှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ အလို ရှိနေတာ ဖြစ်ပြီး ဆားဘီးယားက တရားသူကြီးက သူ့ကျန်းမာရေး အခြေအနေက သူ့ကို သဟိတ် ပို့မယ်ဆို ပို့လို့ ရတယ်လို့ ဆုံးဖြတ် အမိန့် ချခဲ့ပါတယ်။

တရားသူကြီးရဲ့ ဒီဆုံးဖြတ်ချက်ကို မလားဒစ်ချရဲ့ ရှေ့နေတွေက တနင်္လာနေ့မှာ အယူခံဝင်မှာ ဖြစ်ပါတယ်။

မလာဒစ်ချနဲ့ ပတ်သက်ပြီး ဆားဘီးယား အစိုးရက စုံစမ်း စစ်ဆေးမှု လုပ်နေပြီး မလာဒစ်ချ ခုလို နှစ်ပေါင်းများစွာ ပုန်းအောင်း နေနိုင်တာနဲ့ ပတ်သက်ပြီး သူ့ကို ဘယ်သူတွေက ဘယ်လို အကာ အကွယ်တွေ ပေးထားသလဲ ဆိုတာကို အဓိက အာရုံစိုက်မှာ ဖြစ်တယ်လို့ ဆားဘီး ယား သမ္မတ ဘောရစ် တာဒစ်ချက ပြောပါတယ်။

သူ့ကို ဆားဘီးယား စစ်တပ်နဲ့ ရဲက ဘယ်လို အကူအညီတွေ ပေးခဲ့သလဲ ဆိုတာကို စုံစမ်း စစ်ဆေးမှုမှာ အဓိက လေ့လာ သွားမယ်လို့ ဘောရစ် တာဒစ်ချက ဘီဘီစီကို ပြောပြ ခဲ့ပါတယ်။

မလာဒစ်ချဟာ ဆားဘီးယား အစိုးရ ယန္တရားထဲက တချို့ လူတွေ အားကိုးနဲ့ ခုလို နှစ်ပေါင်း များစွာ ပုန်းအောင် တိမ်းရှောင် နေနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆားဘီးယား သမ္မတက ပြောပါတယ်။

မလာဒစ်ချဟာ သူ့သားချင်း တယောက် အိမ်မှာ ပုန်းနေတုန်း အဖမ်း ခံခဲ့ရတာ ဖြစ်ပြီး အရင် ကလည်း သူကို ဆွေမျိုး သားချင်းတွေကပဲ ဖွက်ပေးထားခဲ့တာ ဖြစ်တယ်လို့ ဆားဘီးယား သမ္မတက ပြောပါတယ်။