ပါကစ္စတန် သမ္မတဟောင်း မူရှာရက်ဖ် အိုဘားမားကို ဝေဖန်

  • 29 မေ 2011
Musahraf ဓာတ်ပုံ မူပိုင် b
Image caption ပါကစ္စတန် သမ္မတ ဟောင်း ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်

ပါကစ္စတန် နိုင်ငံရဲ့ အယ်လ်ခိုင်းယီးဒါးနဲ့ တာလီဘန် သူပုန်တွေကို တိုက်ခိုက်နှိမ်နင်းမှု အပေါ်မှာ အမေရိကန်က ဝင်ရောက် စီမံချယ်လှယ် နေတာကို ရပ်ဖို့ သင့်ပြီလို့ ပါကစ္စတန် သမ္မတဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ပါဗက်ဇ် မူရှာရက်ဖ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ဟာ အာဏာရှိစဉ်ကရော အခုအာဏာ လက်မဲ့ ကာလမှာပါ စကားလုံးသိပ်ရွေးချယ်မနေဘဲ ပြောချင်ရာကို ဘွင်းဘွင်း ပြောတတ်သူ တယောက် အဖြစ် နဲ့ လူသိများသူ ဖြစ်ပါတယ်။

အခုတော့ သူက သမ္မတ အိုဘားမားကို ဝေဖန်လိုက်ပါတယ်။ သမ္မတ အိုဘားမားက အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံထဲ ဝင်ပြီး သုတ်သင်လိုက်တဲ့ အခြေအနေမျိုးနဲ့ အလားတူ အခြေအနေတရပ် နောက်နောင်မှာ ပေါ်ပေါက်လာမယ်ဆိုရင်လည်း သူ့အနေနဲ့ နောက်ထပ် အလားတူ လျှို့ဝှက်စစ်ဆင်ရေးမျိုး ထပ်လုပ်ဦးမှာပဲလို့ ပြောတာဟာ မောက်မောက်မာမာနဲ့ မထေမဲ့မြင်ပြောတဲ့စကားလို ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောဆိုဝေဖန်လိုက်ပါတယ်။

မစ္စတာ အိုဘားမားအနေနဲ့ ပါကစ္စတန်နိုင်ငံရဲ့ အချုပ်အချာအာဏာ ပြဿနာဟာ အကဲဆတ်တဲ့ ပြဿနာဆိုတာကို နားလည်ဖို့ လိုတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ပါကစ္စတန်နိုင်ငံအတွင်းမှာ ဂယက်ရိုက်နေတဲ့ အချုပ်အချာ အာဏာနဲ့ ပတ်သက်တဲ့ ပြဿနာကို သတိမပြုမိလို့ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန်အနေနဲ့ အမေရိကန် သမ္မတ တယောက်အနေနဲ့ ပါကစ္စတန်မှာ ဒီပြဿနာ သိပ်အကဲဆတ်နေတယ်ဆိုတာကို နားလည်ရပါမယ်။

တကယ်တန်း သူ့အနေနဲ့ ဒီလို မထေမဲ့မြင် သဘောထားနဲ့ လုပ်ခဲ့တယ်ထားဦး၊ အနည်းဆုံးတော့ ဘာမှ မပြောဘဲ တိတ်တိတ်နေဖို့ ကောင်းတယ်။ ဒီလိုစကားမျိုးပြောပြီး ဘာ့ကြောင့် ပါကစ္စတန်ပြည်သူတွေကို ဆွပေးချင်ရတာလဲ။

ဘာ့ကြောင့် ပါကစ္စတန် အစိုးရရဲ့ သိက္ခာကို ချချင်ရတာလဲ လို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်အနေနဲ့ ပါကစ္စတန်ဟာ စစ်သွေးကြွတွေကို ဘယ်လို တိုက်ခိုက်ရမယ်ဆိုပြီးပြောနေတာတွေကိုလည်း ရပ်ဆိုင်းရမယ်လို့ သူကဆိုပါတယ်။

အသေးစိတ် နည်းပရိယာယ်ပိုင်း မှာပါ လိုက်ပြီး ဝင်ရောက် စီမံခန့်ခွဲနေမျိုး မလုပ်ရဘူး။ ပါကစ္စတန်ဟာ သူတို့နဲ့ အတူ အယ်လ် ခိုင်းယီးဒါးနဲ့ တာလီဘန်ကို တိုက်ခိုက်နေသူဖြစ်တယ်ဆိုတဲ့ သေနင်္ဂဗျူဟာ အရ နားလည် သဘောပေါက်ပေးတဲ့ အဆင့်မှာ သူတို့ဟာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ပါကစ္စတန်ကလည်း ဝါဇီရဇ္ဇတန်မြောက်ပိုင်းမှာ သူတို့အနေနဲ့ စစ်သွေးကြွတွေကို ထိထိရောက်ရောက်ကိုင်တွယ်မှု မရှိဘူးလို့ စွပ်စွဲကြတာနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ ဘယ်လို ဗျူဟာကြောင့် အဲသလို ဖြစ်ရတယ်ဆိုတာကို အမေရိကန်နဲ့ ကမ္ဘာက နားလည်အောင် ရှင်းပြသင့်တယ်လို့ ဆိုပါတယ်။