ဒီပဲယင်းဖြစ်ရပ်မျိုး လုံးဝ ထပ်မဖြစ်အောင် အမှန်ကို ဖေါ်ထုတ်ဖို့လို

  • 30 မေ 2011
Image caption မန္တလေးက ဒီပဲယင်း အောက်မေ့ဖွယ် အလှူ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်မြန်မာနိုင်ငံ စည်းရုံးရေး ခရီးစဉ် အတွင်း ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် နေ့က ဒီပဲယင်းမြို့နယ် ကြည်ရွာ အနီး ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေလို့ အများက စွပ်စွဲကြတဲ့ အကြမ်းဖက်လူတစုက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် NLD ခေါင်းဆောင်တွေ၊ နောက်လိုက် လူငယ်တွေနဲ့ NLD ကို အားပေး ထောက်ခံသူ ဒေသခံတွေကို ပိတ်ဆို့ ရိုက်နှက် တိုက်ခိုက်ခဲ့တာ ဒီကနေ့ဆိုရင် ၈ နှစ်ပြည့်ပါပြီ။

ဒီပဲယင်းလုပ်ကြံမှု ၈ နှစ်ပြည့်အောင့်မေ့ဖွယ်အခမ်းအနားကို မန္တလေးမြို့နဲ့ သာစည်မြို့တွေနဲ့ ဂျပန်နိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံ၊ အင်္ဂလန်နိုင်ငံတွေမှာ ကျင်းပခဲ့ပေမဲ့ ရန်ကုန် အန်အယ်လ်ဒီရုံးချုပ်မှာ မကျင်းပခဲ့ပါဘူး။

ဒီလို မကျင်းပတာနဲ့ပတ်သက်လို့ NLD ဒုဥက္ကဌ ဦးတင်ဦးကို မေးကြည့်ရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဒီပဲယင်းဖြစ်ရပ်ကို မေ့ပျောက်မထားကြောင်း၊ နိုင်ငံအတွက် အကောင်းဆုံး ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ သဘောထားကို ဒေါ်အောင်ဆန်းစုကြည်က ပြောထားပြီးဖြစ်ကြောင်း ပြောပါတယ်။

ဒီပဲယင်းဖြစ်ရပ်နဲ့ပတ်သက်လို့ အရေးယူဖို့ ဆိုတာထက် နောင် ဒါမျိုးထပ် မဖြစ်အောင် သင်္ခမ်းစာယူနိုင်ရေး စုံစမ်း စစ်ဆေးပြီး အဖြစ်မှန်ဖေါ်ထုတ်ဖို့ လိုလားတယ်လို့ ဦးတင်ဦးပြောပါတယ်။

Image caption အန်အယ်ဒီ ဒု ဥက္ကဌ ဦးတင်ဦး

ဖြစ်ရပ်မှန် ဖေါ်ထုတ်ရေး ဖြစ်မလာဘူးဆိုရင်တော့ လူ့အခွင့်အရေးကောင်စီတို့ ဘာတို့မှာလူ့အခွင့်အရေးအရ ခံခဲ့ရသူ နစ်နာခဲ့ရသူတွေကိုယ်စား တဆင့်သွားရတဲ့ ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ အဲဒီလောက်အထိ မဖြစ်ချင်ဘူး၊ အမျိုးသားရင်ကြားစေ့ရေးကို ထောက်ထားပြီး တရားမျှတရေး ဖြစ်လာကောင်းရဲ့လို့ မျှော်လင့် နေကြောင်း ဦးတင်ဦးက ပြောခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူဖို့ ပြတ်ပြတ်သားသား တောင်းဆိုတာမျိုးမရှိတဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး အဓိပ္ပါယ်ဖွင့်ဆိုချက်က လိုအပ်တာထက် ပိုနေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ပြည်ပ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများ ကောင်စီ အထွေထွေ အတွင်းရေးမှုး ဦအောင်ထူးက သုံးသပ်ပါတယ်။

Image caption မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှုး ဦးအောင်ထူး

ပြစ်မှုကျူးလွန်သူတွေကို အရေးမယူနိုင်တဲ့အတွက် နောင်ပြစ်မှုတွေ မကျူးလွန်အောင် ဘယ်လို ကာကွယ်နိုင်မလဲဆိုတဲ့ အပေါ် အဖြေမရှိဖြစ်လာရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကိုယ်တွေ့ ကြုံခဲ့ရသူတွေနဲ့ မေးမြန်းမှုတွေ ၊ အထောက်အထားတွေနဲ့ ပြည်ပမှာ စုံစမ်းပြုစုခဲ့တဲ့ အစီရင်ခံစာမှာ လူ ၇၀ ကျော်သေဆုံးပြီး ရာဂဏန်းတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖေါ်ပြထားပြီး ဒါဟာ Crime agaist Humanity လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ပြစ်မှုမြောက်တယ်လို့ အစီရင်ခံစာ ပြုစုရာမှာ ပါခဲ့တဲ့ ဦးအောင်ထူးက ပြောပါတယ်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး တောင်းဆိုမှုတွေ အားကောင်းလာနေသလို နိုင်ငံတကာ ဥပဒေဘောင်က ပိုကျယ်လာပြီး လောလောဆယ် လစ်ဗျားအရေးမှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ သိပ်ကြီးမားလာရင် နိုင်ငံတကာက အရေးယူသင့်တယ်ဆိုတဲ့ မူကို လက်ခံလာကြပြီ ဖြစ်လို့ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ သူတို့သွားနေတဲ့ လမ်းကြောင်းကို ပြန်သုံးသပ်သင့်တယ်လို့ ဦးအောင်ထူးက ပြောပါတယ်။