ဖီဖာ ဥက္ကဌ စွပ်စွဲချက်တွေ ငြင်းဆို

  • 31 မေ 2011
Fifa ဓာတ်ပုံ မူပိုင် AFP
Image caption ဖီဖာ ဥက္ကဌ ဆက် ဘလက်တာ

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်ထဲမှာ ပြဿနာတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီဆိုတဲ့ ပြောဆိုချက်တွေကို ဖီဖာ ဥက္ကဌ ဆက်ဘလက်တာက ငြင်းဆို သွားပါတယ်။

ဖီဖာ အဖွဲ့ထဲမှာ အခက်အခဲတွေ ရှိနေတာကို သူက ဝန်ခံပေမယ့် ဖီဖာဟာ သူ့ပြဿနာတွေကို သူ့ဟာသူ ရှင်းနိုင်တယ်လို့ ပြောပါတယ်။

ဖီဖာ အဖွဲ့ထဲမှာ ချစားမှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေကို စုံစမ်း စစ်ဆေး နေတုန်း အဖွဲ့ထဲက အဆင့်မြင့် အမှုဆောင် အရာရှိ နှစ်ယောက်ကို ရာထူးက ခဏ ဆိုင်းငံ လိုက်တဲ့ အဖြစ်အပျက် နောက်ပိုင်းမှာ ဆက်ဘလက်တာက မီဒီယာတွေကို ပထမဆုံး ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ရာထူးကနေ ခဏ ဆိုင်းငံ့ခံထားရတဲ့ ဒုတိယ ဥက္ကဌ ဂျက်ဗာနာက နောက်ထပ် ဖွင့်ချမှု ကြီးတွေ လာအုံးမယ်လို့ ပြောထားပါတယ်။

ကာတာ နိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ ဖလားကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့်ကို ပိုက်ဆံပေး ဝယ်ခဲ့တယ် ဆိုတဲ့ အဓိပ္ပါယ် ထွက်တဲ့ ဖီဖာ အတွင်းရေးမှုးချုပ်ဆီ ပို့တဲ့ အီးမေး တစောင်ကို ဒုတိယ သမ္မတက ပြင်ပ မီဒီယာတွေကို ဖွင့်ချ အသိပေးခဲ့ပါတယ်။

ကာတာကတော့ သူတို့ ရိုးရိုးသားသား ယှဉ်ပြိုင်ပြီး ကျင်းပခွင့် ရခဲ့တာ ဖြစ်တယ်လို့ ပြောနေပါတယ်။