အိုင်အမ်အက်ဖ နေရာ လဂါတ် စည်းရုံးရေးဆင်း

  • 31 မေ 2011
Lagarde ဓာတ်ပုံ မူပိုင် AFP
Image caption ဂျီ ၂၀ စည်းဝေးပွဲမှာ တွေ့ရတဲ့ ခရစ်စတင်း လဂါတ်

အိုင်အမ်အက်ဖ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ အကြီးအကဲ နေရာ ဝင်အရွေး ခံဖို့ ပြင်နေတဲ့ ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီး ခရစ်စတင်း လဂါတ်က အိုင်အမ်အက်ဖ အနေနဲ့ အဖွဲ့ထဲက နိုင်ငံ တွေရဲ့ စီးပွားရေး အင်အားကို မှန်မှန်ကန်ကန် ကိုယ်စား ပြုမှုမျိုး ရှိစေမဲ့ ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်။

အိုင်အမ်အက်ဖ အကြီးအကဲ နေရာအတွက် အရွေးခံမဲ့သူ ဘာနိုင်ငံသား ဆိုတာကို မကြည့်ဘဲ အရည်အချင်းကိုပဲ ကြည့်ပြီး ရွေးသင့် တယ်လို့ ဘရာဇီး နိုင်ငံ ရောက်ရှိခိုက်မှာ မစ္စ လဂါတ်က ပြောသွားပါတယ်။

အိုင်အမ်အက်ဖကို စထောင်ချိန်ကနေ ခုထိ အကြီးအကဲ အားလုံးဟာ ဥရောပ နိုင်ငံသားတွေ ဖြစ်ပါတယ်။

အိုင်အမ်အက်ဖထဲမှာ စီးပွားရေး အင်အား ကြီးစပြုလာတဲ့ နိုင်ငံတွေရဲ့ အခန်း ကဏ္ဍကို ပိုပြီး ချဲ့ထွင်ဖို့ ဘရာဇီး နိုင်ငံရဲ့ လုပ်ဆောင်မှုကိုလည်း သူက ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။

သူဟာ မကြာခင်က မုဒိမ်းကျင့်ဖို့ ကြိုးစားမှုနဲ့ စွပ်စွဲခံရပြီး ရာထူးက နှုတ်ထွက်သွားတဲ့ ဒေါမနစ် စထရောက်စခမ်း နေရာမှာ အရွေးခံဖို့ ကမ္ဘာတဝှမ်းကို စည်းရုံးရေး ဆင်းနေ ပါတယ်။