စစ်ခေါင်းဆောင်ဟောင်း ခုံရုံး တင်ခံရပြီ

  • 1 ဇွန် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆာ့ဘ် စစ်ခေါင်းဆောင်ဟောင်း Ratko Mladic

အရင် ဘော့စနီးယား ဆားဘီးယား စစ်ခေါင်းဆောင်ဟောင်း Ratko Mladic ဟာ ဆားဘီးယားမှာ အဖမ်းခံခဲ့ရပြီး တပတ်တောင် မကြာသေးခင်မှာ လူမျိုးတုန်း သတ်ဖြတ်မှု စွဲချက်နဲ့ နိုင်ငံတကာ စစ်ရာဇဝတ် ခုံရုံးမှာ စစ်ဆေးခံဖို့ သည်ဟိတ်ခ်မြို့ကို ရောက်လာပါတယ်။

အခုတော့ ဗိုလ်ချုပ်ကြီး မလာဒစ်ရှ်ကို ကုလသမဂ္ဂရဲ့ ထိန်းသိမ်းရေး စခန်းမှာ ထားပြီး အမှု စစ်ဆေးစဉ် တလျှောက်လုံး ထိန်းသိမ်းထားမှာ ဖြစ်ပြီး အဲဒီမှာ အရင် ယူဂိုစလား ဘီးယား နိုင်ငံတုန်းက စစ်ရာဇဝတ်မှု ကျူးလွန် ခဲ့တယ် ဆိုပြီး ဖမ်းထားတဲ့ အကျဉ်းသား သုံးဆယ်လည်း ရှိတယ်လို့ သိရ ပါတယ်။

ကျန်းမာရေး ညံ့ဖျင်းမှု အကြောင်းပြချက်နဲ့ အယူခံတင်သွင်းတာကို တရားသူကြီး တွေက ပယ်ချခဲ့ပြီးတဲ့နောက် မစ္စတာ မလာဒစ်ချ်ကို သည်ဟိတ်ခ် မြို့ကို ပို့ဖို့ ဆာဘီးယား တရားရေး ဝန်ကြီးက လက်မှတ်ရေးထိုး အမိန့်ထုတ် ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ မလာဒစ်ချ်ကို ထောက်ခံသူတွေ လမ်းပေါ်ထွက် ဆန္ဒပြမှာကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အစိုးရက သူ့ကို သည်ဟိတ်ခ်မြို့ကို အမြန် ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ Belgrade ဘဲလ်ဂရိတ်မြို့က ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။