ပါကစ္စတန် သတင်းသမား စျာပန ကျင်းပ

  • 1 ဇွန် 2011
Pakistan ဓာတ်ပုံ မူပိုင် AP
Image caption ဆလီးမ် ရှာဇတ်ရဲ့ အလောင်းကို သယ်လာကြသူတွေ

ပါကစ္စတန် နိုင်ငံမှာ အသတ် ခံခဲ့ ရတဲ့ သတင်းထောက် ဆလီးမ် ရှာဇတ် ရဲ့ စျာပနကို သူ့မွေးရပ် ဖြစ်တဲ့ ကရာချိ မြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ပြီး ဒီ သေဆုံးမှု အပေါ် ပါကစ္စတန် အစိုးရမှာ တာဝန် မကင်း ဘူးလို့ လူ့အခွင့် အရေး အဖွဲ့ တွေက ပြောနေ ကြ ပါတယ်။

သူသေဆုံး တာဟာ တရားမျှ တမှု အတွက် တိုက်ပွဲ ဝင်ရင်း သေဆုံး ခဲ့တာ ဖြစ်တယ်လို့ ဒီနေ့ သူ့ စျာပန လုပ်တုန်း ဆုတောင်းသူ တစ်ဦးက ပြောပါတယ်။

ဆလီးမ် ရှာဇတ် သေဆုံးပုံ

ဇနီးသည်နဲ့ ကလေး သုံးဦး ကျန်ခဲ့တဲ့ သတင်းထောက် ရှာဇတ် ဟာ အီတလီ က သတင်း အေဂျင်စီ AKI မှာ လုပ်ခဲ့ သလို အေရှား တိုင်းမ်စ် အွန်လိုင်း သတင်း မှာလည်း ပါကစ္စတန် ဆိုင်ရာ တာဝန်ခံ အဖြစ် လုပ်ခဲ့ ဘူးပါတယ်။

မကြာခင် ကတော့ သူဟာ ပါကစ္စတန် ရေတပ် အတွင်းမှာ အယ်လ် ခိုင်းဒါး အကြမ်းဖက် အဖွဲ့ဝင်တွေ ထိုးဖောက် ဝင်ရောက် နေတာကို ရှာဖွေတွေ့ရ တယ် ဆိုတဲ့ အကြောင်း ကို သတင်း ဆောင်းပါး တစ်ပုဒ် ရေးခဲ့ ပါတယ်။

အဲဒီ အကြောင်း ကိုပဲ သူဟာ ရုပ်မြင် သံကြား ဆွေးနွေးခန်း တစ်ခုမှာ ပြောဖို့ အိမ် ကနေ ရုပ်မြင် သံကြား ဌာန ကို အသွား တနင်္ဂနွေ နေ့က လမ်းမှာ ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

သူ ပျောက်ဆုံးပြီး နှစ်ရက် အကြာ အင်္ဂါနေ့ ကတော့ သူ့ကို ထိုးကြိတ် ရိုက်နှက် ထားတဲ့ ဒဏ်ရာ ဒဏ်ချက် တွေနဲ့ အတူ တူးမြောင်း တစ်ခု ထဲမှာ စွန့်ပစ် ထားတာ တွေ့ခဲ့ ရပါတယ်။

ဘယ်သူ့မှာ တာဝန်ရှိသလဲ

Image caption သတင်းသမား တွေက ဆန္ဒပြ ခဲ့ကြ

နိုင်ငံတကာ လူ့ အခွင့်အရေး အဖွဲ့ကြီး ဖြစ်တဲ့ Human Rights Watch ကလည်း သတင်း ထောက် ရှာဇတ် ကို ပါကစ္စတန် ထောက်လှမ်းရေး ISI က ပြန်ပေး ဆွဲသွား တယ် ဆိုတာ ခိုင်လုံတဲ့ အချက်အလက် ရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ပါကစ္စတန် သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဆီးနိတ် အမတ် ဖာဟတ် တူလာ ဘာဘာ ကတော့ ပါကစ္စတန် အစိုးရရဲ့ ထောက်လှမ်းရေး အဖွဲ့က ပြန်ပေး ဆွဲ တာ ဖြစ်နိုင် တယ်လို့ ပြောတာ တွေက ကောလ ဟလ တွေထဲက တစ်ခုသာ ဖြစ်ပြီး ဒီအပေါ် အထောက်အထား တစုံတရာ မတွေ့ရပါဘူးလို့ ဆိုပါတယ်။

ဒီလို ဖြစ်ရပ်မှာ တကယ်တော့ ဘယ်အဖွဲ့ မဆို ဖြစ်နိုင် ပါတယ် လို့ ပါကစ္စတန် အစိုးရ ပြောခွင့် ရသူက ပြောပါတယ်။

ဒါပေမယ့် ပါကစ္စတန် အစိုးရက ဒီသတင်းထောက် သေဆုံးမှု အပေါ် စုံစမ်း စစ်ဆေးမှု တွေ စတင် လုပ်ဆောင် နေပါတယ်။

ပါကစ္စတန် နိုင်ငံဟာ သတင်းထောက် တွေအတွက် ကမ္ဘာမှာ အန္တရာယ် အရှိဆုံး နေရာ အဖြစ် လူ့အခွင့်အရေး အဖွဲ့ တွေက စစ်တမ်း ကောက်ယူ ဖော်ပြ သတ်မှတ် ထားကြ ပါတယ်။

စစ်သွေးကြွ အဖွဲ့တွေ ဆီက သာမက အစိုးရ အဖွဲ့တွေ ဘက်ကပါ ရန်ပြု နိုင်တဲ့ အန္တရာယ် ရှိတယ်လို့ သူတို့က ဖော်ပြ ကြပါတယ်။