ဆက် ဘလက်တာ ဖီဖာ ဥက္ကဌ ပြန်ဖြစ်လာ

  • 1 ဇွန် 2011

ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ရာထူး ကို လက်ရှိ ဥက္ကဌ ဆက် ဘလက်တာ ကပဲ နောက်ထပ် လေးနှစ် သက်တမ်း အတွက် ပြိုင်ဘက် မရှိ ပြန်လည် အရွေးခံ ခဲ့ရ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ပြန် အရွေးခံ ရသူ ဆက် ဘလက်တာ

မဲခွဲဆုံးဖြတ်ဖို့ ရက် ရွှေ့ဆိုင်းဖို့ ကြိုးပမ်းမှု တွေကို ဖီဖာ အုပ်ချုပ်ရေး အဖွဲ့ဝင် တွေက ပယ်ချခဲ့ ပြီးတဲ့ နောက် သူ ပြန်လည် အရွေးခံ ခဲ့ရတာ ဖြစ်ပါတယ်။

ဖီဖာ အဖွဲ့ နှစ်ပတ်လည် ညီလာခံမှာ မစ္စတာ ဘလက်တာက ဖီဖာ အဖွဲ့တွင်း အဂတိ လိုက်စားမှု တွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့ အပြီး အဖွဲ့ သိက္ခာကို ထိခိုက်တဲ့ အခြေ အနေ ရှိနေတယ်၊ ဒါပေမဲ့ အဖွဲ့တွင်း ငွေကြေး ကိစ္စတွေဟာ လုံးဝ ပွင့်လင်း မြင်သာမှု ရှိပါတယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

လာမယ့် ကမ္ဘာ့ ဖလား ဘောလုံး ပွဲတွေကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မယ့် နိုင်ငံတွေ ရွေးချယ် တဲ့ နည်းလမ်း ကို လုံးဝ ပြုပြင် ပြောင်းလဲရေး အပါအဝင် ဖီဖာ အဖွဲ့ ပြုပြင် ပြောင်းလဲရေး ကို စတင် ဆောင်ရွက် မယ်လို့ လည်း မစ္စတာ ဘလက်တာက ကတိပေးခဲ့ ပါတယ်။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က ဦးဆောင် ခဲ့တဲ့ ဖီဖာ ဥက္ကဌ ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းဖို့ ကိစ္စမှာ ထောက်ခံမှု သိပ်မရခဲ့ လို့ ရက်ရွှေ့ဆိုင်း နိုင်ခြင်း မရှိခဲ့ တာ လည်း ဖြစ် ပါတယ်။