ဆီးရီးယား သမ္မတကို ခုံရုံး တင်ဖို့ သြစတြေးလျ ပြော

  • 1 ဇွန် 2011

ဆီးရီးယား နိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ကိုင်တွယ် ဆက်ဆံမှုနဲ့ ပတ်သက်ပြီး သမ္မတ ဘာရှား အယ်လ် အာဆတ်ကို နိုင်ငံတကာ ရာဇဝတ် ခုံရုံးတင်ပြီး ကြားနာ စစ်ဆေးဖို့ စဉ်းစား သင့်တယ်လို့ သြစတြေးလျ နိုင်ငံက ကုလသမဂ္ဂကို တိုက်တွန်းလိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယားက ဆန္ဒပြသူများ

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ကယ်ဗင် ရတ်က အသက် ၁၃ နှစ် အရွယ် လူငယ်လေး ဟမ်ဇာ အယ်လ် ခါတိဘ် (Hamza al-Khatib) သေဆုံး ခဲ့ရမှုကို အထူး ရည်ရွယ် ပြောဆိုတာ ဖြစ်ပါတယ်။

သူဟာ ဆန္ဒ ပြမှုတွေ ဖြစ်ခဲ့စဉ် အတွင်း ပစ်ခတ် ခံခဲ့ရလို့ သေဆုံး ခဲ့တယ်လို့ ဆီးရီးယား အာဏာပိုင်တွေ ဘက်က ပြောနေပေမဲ့ တကယ်တော့ ဟမ်ဇာ အယ်လ် ခါတိဘ် ဟာ လုံခြုံရေး တပ်ဖွဲ့ဝင် တွေက ဖမ်းဆီးပြီး သေတဲ့ အထိ ညှင်းပမ်း နှိပ်စက် ခံခဲ့ ရတယ်လို့ နိုင်ငံရေး လှုပ်ရှားသူ တွေက ပြောပါတယ်။

အဲဒီ လူငယ်လေး သေဆုံးခဲ့ရမှုကို စုံစမ်း စစ်ဆေးသွားမယ်လို့ ဆီးရီးယား နိုင်ငံက ပြောပါတယ်။