ဥရောပ ဟင်းသီးဟင်းရွက် ရုရှ ပိတ်ပင်

  • 2 ဇွန် 2011
Ecoli ဓာတ်ပုံ မူပိုင် Reuters
Image caption စပိန်က စိုက်ပျိုးရေး သမားတွေ အထိနာ ခဲ့တယ်လို့ ဆို

ဂျာမနီ နိုင်ငံမှာ အစာ အဆိပ် သင့်မှု ဖြစ်ပြီး လူကို သေစေ နိုင်တဲ့ အီးကို လိုင် (E. Coli) ဘက်တီးရီးယား ရောဂါပိုး တမျိုးကို တွေ့ခဲ့တဲ့ အတွက် ရုရှ နိုင်ငံက ဥရောပ ကနေ ဟင်းသီး ဟင်းရွက် တင်ပို့ မှုကို ပိတ်ပင် လိုက် ပါတယ်။

ဒီရောဂါ ပိုးကြောင့် လူ ၂၀ နီးပါး သေဆုံး ခဲ့ပြီး နောက်ထပ် လူ ရာနဲ့ ချီ ရောဂါပိုး ကူးစက် ခံခဲ့ ရပါတယ်။

ဒါဟာ ဥရောပရဲ့ သန့်ရှင်း ရေး ဆိုင်ရာ ဥပဒေ တွေ အလုပ် မဖြစ်ဘူး ဆိုတာ ကို ပြနေ ကြောင်း ရုရှ အရာရှိ တဦးက ပြော ပါတယ်။

ဥရောပ သမဂ္ဂ (EU) ကတော့ မော်စကို ရဲ့ ဆုံးဖြတ်ချက် ဟာ လိုအပ် တာထက် ပို ပြင်းထန် လွန်းတယ် လို့ ဆိုပြီး ဖြေရှင်းချက် ပေးဖို့ တောင်းနေ ပါတယ်။

စပိန် ဝန်ကြီး ချုပ် ဟိုဆေး လူးဝစ် ရိုဒရီဂုဇ် ဇပါတာရို (Jose Luis Rodriguez Zapatero) ကလည်း သူ့နိုင်ငံ ကနေ အီးကိုလိုင် ရောဂါ ပိုးတွေ စတင် ဝင်ရောက် လာတာ ဆိုပြီး ဂျာမနီ က မှားယွင်း စွပ်စွဲ ခဲ့တာကြောင့် ထိခိုက် နစ်နာ ရမှု အတွက် စပိန် သီးနှံ စိုက်ပျိုးရေး သမား တွေကို လျော်ကြေး ပေးဖို့ နောက်ထပ် ပြောဆို လိုက်ပါတယ်။