တိုက်ခိုက်မှုကြောင့် ယီမင် သမ္မတ ဒဏ်ရာရ

  • 3 ဇွန် 2011

ယီမင် နိုင်ငံ ဆန်နား မြို့တော်မှာ ရှိတဲ့ သမ္မတ အိမ်တော် ဝန်းကို တိုက်ခိုက် ခံခဲ့ရတဲ့ အတွက် သမ္မတ အာလီ အက်ဘ်ဒူလာ ဆာလေး ဒဏ်ရာရ သွားခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အစိုးရ တပ်တွေနဲ့ လူမျိုးစု လက်နက်ကိုင် တွေ ကြား တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေ

အစိုးရ နဲ့ နီးစပ်တဲ့ သတင်း ရပ်ကွက်က တော့ သမ္မတဟာ ဒဏ်ရာ အနည်းငယ် ရခဲ့တယ်၊ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဘီဘီစီကို ပြော ပါတယ်။

သမ္မတ အိမ်တော်ဝန်း အတွင်းမှာ ရှိတဲ့ ဗလီကို အမြောက် ကျည်ဆန် နှစ်ခု ထိမှန်ခဲ့ ရာမှာ အရာရှိ အတော်များများ လည်း ဒဏ်ရာ ရခဲ့ကြပါတယ်။

ယီမင် နိုင်ငံ ဆန်နားမြို့မှာ သမ္မတ ဆာလေးရဲ့ တပ်ဖွဲ့တွေနဲ့ သမ္မတကို တိုက်ခိုက် နေတယ်လို့ အစိုးရ အရာရှိတွေ စွပ်စွဲနေတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင် အယ်လ် အာမားရဲ့ မဟာမိတ်တွေကြား ရက်အတန်ကြာ ဖြစ်နေခဲ့တဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ထဲမှာ အခု တိုက်ခိုက်မှုက အရေးအကြီးဆုံး ဖြစ်ပါတယ်။

သူတို့ဘက်ကတော့ အဲဒီ စွပ်စွဲချက်တွေ မဟုတ်မမှန်ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်က စပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တဲ့ ဆန်နားမြို့ တောင်ပိုင်းမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ကြားခဲ့ရတယ်လို့ နောက်ဆုံး ရတဲ့ သတင်းတွေ အရ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေဟာ သမ္မတ ဆာလေးကို တိုက်ခိုက်နေတဲ့ လူမျိုးစု ခေါင်းဆောင် တစ်ယောက်ရဲ့ နေအိမ် ကို ပစ်မှတ်ထား တိုက်ခိုက်ပုံ ရပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ ကြားက သောကြာနေ့ ဝတ်ပြုပွဲ အပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။