နိုင်ငံကနေ မထွက်ခွာကြောင်း ယီမင် သမ္မတ ငြင်းဆို

  • 4 ဇွန် 2011
ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတရဲ့ အသံထုတ်လွှင့်ချက်ကို ယီမင် ပြည်သူတွေ စောင့်ကြည်နေ

ယီမင်သမ္မတ အလီအဗ္ဗဒူလာ ဆာလေး ဟာနိုင်ငံတွင်းက ထွက်ခွာသွားပြီဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ယီမင် ဒုတိယပြန်ကြားရေး ဝန်ကြီးက ငြင်းဆို လိုက်ပါတယ်။

ဒီကနေ့ စောစောပိုင်းတုန်းက ထွက်လာတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေအရ ယီမင် သမ္မတ မစ္စတာဆာလေးဟာ ဆော်ဒီ အာရေဗျနိုင်ငံကို ထွက်ခွာသွားပြီလို့ ဆိုပါတယ်။

သောကြာနေ့တုံးက တိုက်ခိုက်မှုအတွင်းသူနဲ့ အတူဒဏ်ရာရခဲ့တဲ့ အဆင့်မြင့်အရာရှိ ၅ ဦးကို အိမ်နီးချင်းနိုင်ငံဆီ လေယာဉ်နဲ့ ပို့လိုက်ပြီဆိုတာကိုတော့ ယီမင်တရားဝင်သတင်းဌာန ကကြေညာခဲ့ပါတယ်။

သောကြာနေ့တုန်းက ကြားခဲ့ရတဲ့ သမ္မတရဲ့ အသံသွင်းတိတ်ခွေထဲမှာ တော့သူဟာ ကျန်းကျန်းမာမာဘဲလို့ ပြောထားပါတယ်။ ဒါပေမယ့်သူဟာ လူအများမြင်ကွင်းကို ထွက်မလာခဲ့တာကြောင့် ခန့် မှန်းပြောဆိုမှုတွေဖြစ်နေပါတယ်။

မနေ့က တိုက်ခိုက်မှုတွေအတွက် သူ့အခေါ် တရားမဝင် ဂိုဏ်းအဖွဲ့အစည်းတွေလို့ ဆိုတဲ့ သူ့ရန်သူ လူမျိုးစုတွေကို အပြစ်တင်ထားပြီး၊ အစိုးရတိုက်တွေနဲ့ တိုက်နေတဲ့ ဟာရှစ်ဒ် လူမျိုးစု တပ်ပေါင်းစု ခေါင်းဆောင် ရှိတ်ဆာဒစ် အယ်လ်အာမာ ကတော့ ဒါကိုငြင်းဆို ထားပါတယ်။

မနေ့တုန်းက သမ္မတရဲ့နေအိမ်ဝင်း အတွင်းမှာရှိတဲ့ ဗလီကျောင်းကို ဒုံးကျည် အနည်းဆုံး သုံးခု ထိမှန်ခဲ့ပြီး သမ္မတအပါအဝင် လူအတော်များများ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ယီမင်ဝန်ကြီး တဦးက သမ္မတဟာ ဦးခေါင်းမှာ ဒဏ်ရာအနည်းငယ်သာ ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တကယ်တမ်း ဒဏ်ရာ အခြေအနေက ဒီထက်အများကြီး ဆိုးတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

မစ္စတာဆာလေးကို စစ်ဆေးရုံကိုခေါ်သွားပြီး သောကြာနေ့မှာ ပြန်မဆင်းနိုင်တာကတော့ သေချာပါတယ်။ စနေနေ့မနက်ပိုင်း အထိလည်း ကြိုတင်အသံသွင်းထားတဲ့ တိတ်ခွေကိုသာ သူ့ဓါတ်ပုံကိုပြပြီး အသံလွှင့်နေခဲ့ပါတယ်။

ဒါပေမယ့်မစ္စတာဆာလေးဟာ ဆော်ဒီအာရေဗျကို ထွက်သွားဖို့ ရည်ရွယ်ချက်လုံးဝမရှိဘူးလို့ ဆော်ဒီဘုရင့်မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ယီမင်မြို့တော်ဆနားမှာတော့ မနေ့ညတုံးက တိုက်ပွဲတွေ နည်းနည်းငြိမ်နေပြီး ပြည်တွင်းစစ် ဖြစ်မလောက် အခြေအနေဆိုးနေတဲ့ ပဋိပက္ခတွေအတွင်း လူ ၁၆၀ ထက် မနည်း သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။