ယီမင် သမ္မတ ဒဏ်ရာ အစိုးရ တရားဝင် ပြောကြား

  • 5 ဇွန် 2011
Saleh ဓာတ်ပုံ မူပိုင် AFP
Image caption ဒဏ်ရာ ရပြီး ဆော်ဒီကို ဆေးကုသမှု ခံဖို့ ထွက်သွားတဲ့ သမ္မတ ဆာလေး

သောကြာနေ့က ယီမင် သမ္မတ အိမ်ဝင်းကို ဒုံးကျည် ကျရာမှာ သမ္မတ ဆာလေး ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ ယီမင် အစိုးရက စနေနေ့ညက ဝန်ခံ ပြောကြား ခဲ့ပါတယ်။

အစောပိုင်းက သမ္မတ ဆာလေး ဒဏ်ရာနဲ့ ပတ်သက်ပြီး ထင်ကြေးပေး ပြောဆိုမှု အဆင့် မှာဘဲ ရှိခဲ့ပေမယ့် ခုနောက်ဆုံး အစိုးရရဲ့ အတည်ပြုချက် အရ သူ့ဒဏ်ရာဟာ မူလ မှန်ထားကြတာထက်တောင် ပြင်းတာ သိလာရပါတယ်။

ဗုံးဆံတခုဟာ သူ့ နှလုံးနဲ့ တစင်တီမီတာ အကွာလောက်ထိ စိုက်ဝင်ခဲ့ပြီး မျက်နှာနဲ့ ရင်ဘတ် တွေမှာလည်း မီးလောင် ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။

သူ့ကို လောလောဆယ် ဆေးရုံ တင်ထားတယ်လို့ အစိုးရက ဘီဘီစီကို ပြောပြပါတယ်။

အစောပိုင်းက သူဟာ ဆော်ဒီအာရေဗျ နိုင်ငံကို သွားပြီး ဆေးကုသမှု ခံယူမလား၊ ဒါမှမဟုတ် နိုင်ငံခြားက ခွဲစိတ် ကုသမဲ့ အဖွဲ့ တဖွဲ့ကို တိုင်းပြည်ထဲ ခေါ်မလား သတင်းတွေ အမျိုးမျိုး ထွက်လာပေမယ့် ခုနောက်ဆုံး သူဟာ ဆော်ဒီ အာရေဗျကို ဆေးကုသမှု ခံယူဖို့ ထွက်သွား တာကို အတည် ပြုနိုင်ခဲ့ပါတယ်။

သမ္မတ အိမ်တော်ဝင်းကို အစိုးရနဲ့ ထိပ်တိုက် တွေ့နေတဲ့ လူမျိုးစု လက်နက်ကိုင် သူပုန်အဖွဲ့ တဖွဲ့က ပစ်ခတ်တာလို့ သမ္မတ ဆာလေးက စွပ်စွဲပေမယ့် ကာယံကံရှင် သူပုန် အဖွဲ့ ခေါင်း ဆောင် အာမာ မိသားစုကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။

သမ္မတ ထိခိုက် ဒဏ်ရာ ရသွားမှုဟာ ယီမင်က အကြမ်းဖက်မှုတွေ အရှိန် မြင့်လာတာကို ပြနေပြီး စစ်တပ်နဲ့ လုံခြုံရေး ဌာနတွေကို ကိုင်ထားတဲ့ သမ္မတရဲ့ သားနဲ့ တူတွေက လက်စား ချေ တုန့်ပြန် တိုက်ခိုက်လာရင် ခုပဋိပက္ခဟာ တနိုင်ငံလုံးထိ ပြန့်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

သမ္မတ ဆာလေးကို ရာထူးက ဆင်းပေးရင် နောက်ပိုင်း တရား စွဲဆိုမှုတွေကနေ ကင်းလွတ် ခွင့် ပေးမဲ့ အပေးအယူ တခုကို ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီက တင်ပြ ထားပေမယ့် သမ္မတ ဆာလေးက ခုထိ သဘော မတူသေးပါဘူး။

ယီမင် နိုင်ငံထဲမှာ သူ့ကို ရာထူးက ဆင်းပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က လက်နက်ကိုင် တိုက်ပွဲတွေ အဖြစ် အသွင် ပြောင်းလာခဲ့ပြီး မေလ ၂၃ ရက်ကနေ ခုထိ ဒီပစ်ခတ် တိုက်ခိုက်မှုတွေမှာ သေဆုံးသူ စုစုပေါင်း တရာ့ ခြောက်ဆယ်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ဆားနား မြို့သူ မြို့သားတွေမှာတော့ မြို့ထဲကနေ ရတဲ့နည်းနဲ့ အပြင် ထွက်နေကြပြီး မြို့ထဲ မှာ တရက်ပြီး တရက် အခြေအနေက ပိုပို တင်းမာလာတယ်၊ လုံခြုံမှုလည်း မရှိဘူး၊ လွတ်လွတ်လပ်လပ်လည်း မသွားရဲ မလာရဲကြဘူး၊ အခြေခံ လိုအပ်တဲ့ အစားအသောက်တွေလည်း ဘာမှ မရှိတော့ လူတွေဟာ ပိုပြီး ကြောက်လန့် စိုးရိမ်လာ၊ ပိုပြီး ပြာယာခပ်နေတာ တွေ့ရတယ်လို့ မျက်မြင် တယောက်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။