ယီမင်သမ္မတ ဆေးကုဖို့ နိုင်ငံကထွက်ခွာ

  • 5 ဇွန် 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဆန်းနားမြို့မှာ လူတွေလမ်းမပေါ်ထွက် အောဟစ် ကာ အလံတွေကို ဝှေ့ယမ်းခဲ့ကြ

ယီမင် သမ္မတ အလီ အဘ်ဒူလာ ဆာလေး ဟာ သောကြာနေ့က တိုက်ခိုက်ခံရလို့ ဒဏ်ရာရရှိသွားတဲ့အတွက် ဆေးကုသဖို့ ဆော်ဒီအာရေးဗီးယား နိုင်ငံကို ထွက်ခွာ သွားတဲ့အတွက် ထောင်ပေါင်းများစွာသော ယီမင် ပြည်သူတွေဟာ အောင်ပွဲခံနေ ကြပါတယ်။

ဆန်းနား တက္ကသိုလ်ရင်ပြင်မှာ လူငယ်အတော် များများဟာ အောင်ပွဲခံနေကြပြီး တခြားသူတွေ ကတော့ လမ်းမပေါ်ထွက် အောဟစ်ကာ အလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။

ဒါပေမယ့်လို့ သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေကိုလည်း ကြားနေရပါတယ်။

ဆန်းနားမြို့မြောက်ဖက်က စစ်စခန်းဝန်းတခုကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၅ ဦးလောက်သေဆုံးသွားခဲ့ပါတယ်။

နှစ်ပေါင်း ၃၃ နှစ် ကြာအောင် တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားနိုင်ခဲ့တဲ့ သမ္မတဟာ အာဏာကနေ စွန့်တာ မဟုတ်သေးပေမယ့် သူ့ရဲ့ အနာဂတ်ကတော့ မသေမချာ ဖြစ်နေပါတယ်။

ဒါပေမယ့် အခု ဆော်ဒီအာရေးဗီးယားနိုင်ငံကို သူဆေးကုသွားတာဟာ တစ်လမ်းသွားအဖြစ် တိုင်းပြည်ကို ပြန်မလာနိုင်တော့ဘူးလို့ အများက ခန့်မှန်းနေကြပါတယ်။ သူ့ရဲ့ ဇနီးအပါအဝင် မိသားစုဝင်တွေလည်း လိုက်ပါသွားပါတယ်။

ယီမင်မြို့တော်က အမေရိကန်သံအမတ်ကလည်း တိုင်းပြည်မှာ ကျန်ခဲ့တဲ့ ဒုတိယ သမ္မတကို သွားရောက်တွေ့ဆုံခဲ့ပြီး ဒါဟာ သမ္မတက အာဏာလွှဲပေးခဲ့ရင် ထောက်ခံတဲ့သဘောလို့ ယူဆကြပါတယ်။

တကယ်လို့ သမ္မတ ဆာလေး အာဏာကို လက်လွှတ်ရမယ်ဆိုရင်တော့ အရှေ့အလယ်ပိုင်းက လူထုလှုပ်ရှားမှုတွေအတွင်း တတိယမြောက် ရာထူးက ဆင်းပေးရတဲ့ ခေါင်းဆောင် ဖြစ်လာမှာပါ။