နိုင်ငံခြားကို ဆန်ပိုတင်ပို့နိုင်ဖို့ ကြိုးစားနေ

  • 6 ဇွန် 2011
ဓာတ်ပုံ မူပိုင် AP

မြန်မာနိုင်ငံက ဆန်တွေကို နိုင်ငံခြားကို တင်ပို့ရာမှာ အခုဘတ်ဂျက်နှစ်အတွင်း ဆန်တန်ချိန် ၅ သိန်းလောက် တင်ပို့နိုင်ဖို့ ကြိုးစား လုပ်ဆောင်နေတယ်လို့ မြန်မာ ဆန်စပါး လုပ်ငန်းအသင်းက ပြောပါတယ်။

အခု ဘတ်ဂျက်နှစ်အစ ဧပြီနဲ့မေလအတွင်း ဆန်တန်ချိန် ၇ သောင်းကျော် နိုင်ငံခြားကို တင်ပို့နိုင်ခဲ့ပြီး နောက်လာမဲ့ လတွေမှာ တလကို ပျမ်းမျှ ခန့်မှန်းချေ တန်ချိန် လေးသောင်းလောက် တင်ပို့နိုင်အောင် ကြိုးစားနေတယ်လို့ ဆန်စပါးလုပ်ငန်း အသင်း ဥက္ကဌ ဦးချစ်ခိုင်က ပြောပါတယ်။

ဒီထက်ပို တင်ပို့ လိုပေမဲ့ ဒီနှစ် နွေစပါး မိုးဖျက်တဲ့အတွက် ခန့်မှန်းရခက်တယ်လို့ ဆိုပါတယ်။

၂၅ မှတ် ဆန်စျေးက တတန်ကို အများဆုံး ဒေါ်လာ ၃၉၀ စျေးနဲ့ ရောင်းရပြီး တန်းမြင့်ဆန်က ဒေါ်လာ ၄၅၀ လောက်ရနိုင်ပေမဲ့ တန်းမြင့်ဆန် အရောင်းရ နည်းပြီး တန်ချိန် ရာဂဏန်းလောက်သာ ရှိတယ်လို့ ဆိုပါတယ်။

တန်းမြင့်ဆန်တွေကို ရုရှနိုင်ငံကို တင်ပို့နေပြီး ၂၅ မှတ်ဆန်တွေကို အများဆုံး အာဖရိကနိုင်ငံတွေကို တင်ပို့နေတာဖြစ်တယ်လို့ ပြောပါတယ်။