ကာကွယ်ဆေးတွေ စျေးလျော့ပေးမည်

  • 6 ဇွန် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေးတွေ စျေးလျော့ပေးမယ်

နိုင်ငံတကာ ဆေးကုမ္ပဏီကြီး အတော်များများက ကလေးတွေရဲ့ အသက်ကို ကယ်နိုင်မဲ့ ကာကွယ်ဆေးတချို့ကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် စျေးအတော်ကြီး လျော့ပေးမယ်လို့ ကြေငြာခဲ့ပါတယ်။

စျေးလျော့မဲ့ ကာကွယ်ဆေးတွေထဲမှာ ဆုံဆို့နဲ့ ဘီပိုး အသည်းရောဂါ တို့အပါအဝင် ရောဂါ ငါးမျိုးကို ကာကွယ်နိုင်တဲ့ ဆေးတမျိုးနဲ့ အာဖရိကနဲ့ အာရှနိုင်ငံတွေမှာ နှစ်စဉ်နှစ်တိုင်း ကလေးငါးသိန်းကျော် သေကြေတတ်တဲ့ ဝမ်းလျောဝမ်းပျက်ရောဂါ အတွက် ကာကွယ်ဆေးRotarix ဆိုတဲ့ ဆေးတွေပါပါတယ်။

အခုအခါ အဲဒီဆေးတွေ အတွက် ပေးရတဲ့ စျေးနှုန်းဟာ စက်မှုနိုင်ငံကြီးတွေမှာ ရောင်းချတဲ့ စျေးနှုန်းရဲ့ ငါးရာခိုင်နှုန်းသာ ကုန်ကျတော့မှာ ဖြစ်တယ်လို့ ဗြိတိန် ဆေးကုမ္ပဏီကြီးတခုဖြစ်တဲ့ GSK ကပြောပါတယ်။

ကမ္ဘာပေါ်မှာ အသက်၅နှစ်အောက် ကလေး၉သန်းလောက် နှစ်စဉ်သေဆုံးနေကြပြီး အဲဒီထဲမှာ ၂သန်းလေးသိန်းတို့ဟာ ဆေးထိုးပြီး ကာကွယ်နိုင်တဲ့ရောဂါနဲ့ သေဆုံးကြတာဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းက ကလေးငယ်ပေါင်း၂၄သန်းတို့ဟာ ကာကွယ်ဆိုး မထိုးနိုင်ကြပါဘူး။

ဒီတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ထောင်စုနှစ်ရည်မှန်းချက်အရ လာမဲ့၂၀၁၅ ခုနှစ်ကျရင် ကလေးငယ်သေဆုံးမှု သုံးပုံနှစ်ပုံ လျော့သွားအောင် လုပ်မယ် ဆိုတဲ့ကိစ္စ အောင်မြင်ဖို့ဆိုရင် GAVI လို့ခေါ်တဲ့ကမ္ဘာ့ ကာကွယ်ဆေးထိုးရေး အကူအညီ ပေးတဲ့အဖွဲ့ကြီးက ဆေးမတတ်နိုင်တဲ့ နိုင်ငံတွေကို ဆေးတွေရောက် အောင်လုပ်ပေးရမှာဖြစ်ပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးရေးအတွက်အထောက်အကူပေးနေတဲ့ အဲဒီအဖွဲ့ရင်ဆိုင်နေရတာကတော့ အနောက်နိုင်ငံတွေကနေ ထိုးဆေးဝယ်နိုင်ဖို့ လိုငွေ သန်း၃၇၀၀ လောက်ပြနေတဲ့အခက်အခဲ ဖြစ်ပါတယ်။

အခုတော့ Glaxo Smith Klein GSK ဆေးကုမ္ပဏီကြီး အပါအဝင် ဆေးကုမ္ပဏီကြီးတချို့က ဆင်းရဲတဲ့ တိုင်းပြည်တွေအတွက် အခုလို ဈေးတွေတအား လျှော့ပေးမယ်လို့ဆိုတဲ့ အတွက် ကြိုဆိုတဲ့အသံတွေအတော် ကြားနေရပါတယ်။

ဒီသတင်းကို ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအဖွဲ့တွေက ကြိုဆိုလိုက်ပြီး နောက်ထပ်လိုအပ်တဲ့ ထိုးဆေးဝယ်ဖို့ ရံပုံငွေကို လာမဲ့ဇွန်လ ၁၃ရက် လန်ဒန်မှာလုပ်မဲ့ အစည်းအဝေးကျရင် အလှူ့ရှင်နိုင်ငံတွေက ငွေပိုရအောင်ရှာမှ ကလေးငယ် အသက်သန်းချီပြီး ကာကွယ်နိုင်မှာဖြစ်ပါတယ်။