အာဆမ် နိုင်ငံ အစည်းအဝေး ကျင်းပ

  • 7 ဇွန် 2011
Image caption အာဆမ် အစည်းအဝေး

အာရှနဲ့ ဥရောပမှာ ရှိတဲ့ နိုင်ငံပေါင်း ၄၆ နိုင်ငံက အာဆမ် အဖွဲ့ဝင် နိုင်ငံများ ကိုယ်စားလှယ်တွေဟာ တကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ပြတ်လပ်မှု နဲ့ နျူကလီးယား ပြဿနာတွေ ကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့က စလို့ ဟန်ဂေရီနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

အာရှက နိုင်ငံငယ်လေး ဖြစ်တဲ့ လာအို ကနေ ဥရောပ အင်အားကြီး ဖြစ်တဲ့ ဂျာမဏီ တို့ ပါဝင်တဲ့ အာဆမ် အဖွဲ့ဝင်နိုင်ငံတွေဟာ သူတို့ အခေါ်အရ အစဉ်အလာ မဟုတ်တဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ ကြပါတယ်။

စနစ်တကျ စီစဉ် ကျူးလွန်တဲ့ ပြစ်မှုနဲ့ ပင်လယ် ဓါးပြမှုက စလို့ သဘာဝ ဘေးအန္တယ် ကပ်ဆိုးတွေနဲ့ ရွေ့ပြောင်း ဝင်ရောက်မှုတွေ အထိ ဆွေးနွေး ခဲ့ကြသလို တက်ရောက်လာတဲ့ ဝန်ကြီးတွေဟာ စားနပ် ရိက္ခာနဲ့ စွမ်းအင် ဆိုင်ရာ ပြဿနာတွေကို ထိပ်ဆုံးက ထားပြီး ဆွေးနွေး ခဲ့ကြပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် ကယ်လဗင် ရက်ဒ်ကတော့ ကမ္ဘာမှာ ရှိနေတဲ့ စားနပ် ရိက္ခာထက် လိုအပ်မှုက ပိုများနေတယ်လို့ ဆိုပြီး ဒီပြဿနာကို နိုင်ငံ ခေါင်းဆောင် တွေက တာဝန်ယူ ဖြေရှင်း ပေးရမယ် မဟုတ်ရင် အားလုံး ကပ်ဆိုးဆိုက်နိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အာဖရိကတိုက် မြောက်ပိုင်းတလွှားက ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြမှုတွေနဲ့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှု အပေါ် ဥရောပ သမဂ္ဂရဲ့ လေ့လာသုံးသပ်ချက် အပါအဝင် ဒေသတွင်း ဖြစ်ပေါ် တိုးတက်မှုတွေ အပေါ် အာဆမ် အစည်းအဝေးမှာ သဘောထား အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုမှာ စံချိန်တင်တဲ့ တရုတ်နဲ့ မြန်မာ နိုင်ငံက ကိုယ်စားလှယ် တွေကတော့ တစုံတရာ ထုတ်ပြန်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။