နေတိုးက လစ်ဗျားကို အပြင်းထန်ဆုံးတိုက်

  • 8 ဇွန် 2011
Tripoli attack ဓာတ်ပုံ မူပိုင် Reuters
Image caption မီးခိုးလုံးကြီးတွေ ဖုံးနေတဲ့ ထရီပိုလီမြို့ မြင်ကွင်း

လစ်ဗျား နိုင်ငံကို နေတိုး အဖွဲ့က ပြီးခဲ့တဲ့ မတ်လကုန် စစ်ဆင်ရေးတွေ စခဲ့တဲ့ အချိန်က စလို့ အပြင်းထန်ဆုံး တိုက်ခိုက်မှု အဖြစ် မြို့တော် ထရီပိုလီကို အင်္ဂါနေ့က နေတိုးလေယာဉ်တွေက ဗုံးတွေ ဆက်တိုက်ကြဲချခဲ့ပါတယ်။ မြို့ထဲမှာ ပေါက်ကွဲသံကြီးတွေ အကြိမ် ၃၀ ကျော်ကြားခဲ့ရတယ်လို့ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဝိုင်ယာ ဒေးဗီးစ် ကပြောပါတယ်။ မနက်စောစောက စလို့ နာရီတော်တော်ကြာကြာ လေယာဉ်တွေက ဗုံးလာကြဲနေခဲ့တာပါ။

ပစ်မှတ်ကတော့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ စစ်စခန်းတွေ၊ စစ်ဖက် အဆောက်အဦတွေ ဖြစ်ပါတယ်။ နေတိုး တိုက်လေယာဉ်တွေက အနိမ့်ပျံပြီး ကြဲချတဲ့ ဗုံးတွေဟာ ပြင်းထန်လှလို့ နေအိမ်တွေ အဆောက်အဦတွေတောင် တုန်တုန်သွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဗုံးကျတဲ့ နေရာတွေမှာလည်း မီးခိုးလုံးကြီးတွေ လိမ့်တက်နေတာ တနေ့လုံးလိုလိုပဲ ဖြစ်ပါတယ်။ လစ်ဗျား အစိုးရရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် အီဗရာဟင် မူဆာကတော့ အနောက်နိုင်ငံတွေဟာ ဆွေးနွေး ညှိနှိုင်းဖို့ မလုပ်ပဲ လစ်ဗျားကို တိုက်ခိုက်နေတာ မလုပ်သင့်တဲ့ အလုပ်ပဲလို့ ပစ်တင်ပါတယ်။

ဗုံးတွေ အကြီးအကျယ်ကြဲ အပြီးမှာ လစ်ဗျား ရုပ်မြင်သံကြားကနေ ဗိုလ်မှူးကြီး ကဒါဖီက အသံသွင်းထားတဲ့ မိန့်ခွန်းတခုကို ပြောသွားပါတယ်။ သူက နေတိုး တိုက်ခိုက်မှုဟာ ပိုပြင်းထန်လာနေပြီဆိုတာ ဝန်ခံပြောသွားပေမဲ့ သူ့အနေနဲ့တော့ သေချင်သေပါစေ၊ ဘယ်တော့မှ လစ်ဗျားက ခွာမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

စစ်ဆင်ရေးစခဲ့တဲ့ မတ်လကုန်ကတည်းက ဆိုရင် နေတိုးလေယာဉ်တွေဟာ အခေါက်ပေါင်း တသောင်းကျော် ပျံပြီး လစ်ဗျားကို ဗုံးကြဲခဲ့ပြီးပါပြီ။

အခုဆို အရင်လို ညပိုင်းရောက်မှ လေယာဉ်တွေက လာတိုက်တာ မဟုတ်ပဲ နေ့ခင်းဖက်မှာကို ဗုံးကြဲချနေပါပြီ။

တကယ်တော့ ဇွန်လ ၇ ရက် အင်္ဂါနေ့ဟာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ ၆၉ နှစ်မြောက် မွေးနေ့ပါ၊ သူ ရာထူးက မဆင်းမချင်း အရှိန်မြှင့်တိုက်သွားမယ်ဆိုတဲ့ သတင်းစကားကို နေတိုးက သူ့မွေးနေ့မှာ ပေးလိုက်တဲ့ သဘောပါပဲလို့ ထရီပိုလီမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ဝိုင်ယာ ဒေးဗီးစ်က ပြောပါတယ် ။