ဆီးရီးယား စစ်တပ် ထိုးစစ် ဆင်လာမှာကို စိုးရိမ်နေကြ

  • 7 ဇွန် 2011
syria
Image caption ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ ဖြစ်တယ်လို့ အတိုက်အခံတွေကပြော

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ဂျီဆာ အယ်လ် ရှုဂါရ် မြို့ကလာတဲ့ သတင်းတွေ အရ အစိုးရ တပ်ဖွဲ့တွေ ဖက်က စစ်ရေး တိုက်ခိုက်မှုတွေ လုပ်လာမှာကို စိုးရိမ်တဲ့ မြို့ခံတွေက မြို့ထဲကနေ ဘေးကင်းရာကို ထွက်ပြေးကုန်ကြပြီလို့ သိရပါတယ်။

မြို့ထဲမှာ ကျန်ခဲ့သူတွေကလည်း စစ်ဆေးရေး ဂိတ်တွေ၊ လမ်းမ အတားအဆီးတွေ ချထား တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဂျီဆာ အယ်လ် ရှုဂါရ် မြို့မှာ ပြီးခဲ့တဲ့ သီတင်း ပတ်ကုန်ရက်ပိုင်းက စပြီး လက်နက်ကိုင် ဂိုဏ်းတွေရဲ့ လက်ချက်နဲ့ လုံခြုံရေး အမှုထမ်း ၁၂၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီး အဲဒီမြို့ကို ပြန်ထိန်းချုပ်ဖို့ မီးကုန်ယမ်းကုန် စစ်ဆင် တိုက်ခိုက်မယ်လို့ ဆီးရီးယား အာဏာပိုင်တွေက သံဓိဌာန် ပြုထားပါတယ်။

အတိုက်အခံ လှုပ်ရှားသူတွေကတော့ အဲဒီလူတွေ သေဆုံးရတဲ့ အကြောင်းရင်းကို အသေအချာ မသိရကြောင်းနဲ့ လုံခြုံရေး တပ်ဖွဲ့တွင်း တပ်တွင်းပုန်ကန်မှုကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

သမ္မတ Bashar al-Assad အစိုးရအပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုတွေ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့အတွင်း သေဆုံးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ဂျီဆာ အယ်လ် ရှုဂါရ် မြို့ခံတွေက သူတို့ အပြတ်အသတ် ချေမှုန်း ခံရမှာကို စိုးရိမ် ကြောက်လန့် မိကြောင်း Facebook ကနေ ရေးသား တင်ပြခဲ့ကြပါတယ်။

မီးရှို့ထားတဲ့ ကားတာယာတွေ၊ ကျောက်တုံးတွေ၊ သစ်တုံးတွေနဲ့ မြို့အဝင် လမ်းတွေကို ပိတ်ဆို့ထားဖို့ကိုလည်း ပန်ကြားထားပါတယ်။

တခါ ဆီးရီးယားနိုင်ငံကနေ နယ်စပ် ဖြတ်ကျော်လာတဲ့ ဆီးရီးယား လူမျိုးအတော်များများကို တူရကီနိုင်ငံ တောင်ပိုင်းက ဆေးရုံတွေမှာ ကုသပေးနေရပြီး သူတို့ ရလာတဲ့ ဒဏ်ရာတွေဟာ ဆီးရီးယား လုံခြုံရေး တပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရာကနေ ရလာတဲ့ ဒဏ်ရာတွေ ဖြစ်တယ်လို့ ပြန်ပြောကြကြောင်း တူရကီ အစိုးရ တာဝန်ရှိ ပုဂ္ဂိလ် တွေက ပြောပါတယ်။