ဆီးရီးယားကို ကုလမှာ အရေးယူဖို့ စလုပ်

  • 8 ဇွန် 2011
Syria ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား ဆန္ဒပြမှုမှာ သေဆုံးသူ ရာနဲ့ချီ ရှိနေပြီ။

ဆီးရီးယား နိုင်ငံက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ အတွက် ဆီးရီးယား အစိုးရကို လုံခြုံရေး ကောင်စီကနေ ပြစ်တင် ရှုံ့ချဖို့ ဗြိတိန်နဲ့ ပြင်သစ် နှစ်နိုင်ငံက ကြိုးပမ်းနေပါတယ်။

ဆီးရီးယားက အကြမ်းဖက်မှုတွေ ပိုပို ဆိုးလာချိန်မှာ လုံခြုံရေး ကောင်စီက ရေငုံနေတာ ဘယ်လိုမှ မသင့်တော်ဘူးလို့ ပြင်သစ် နိုင်ငံခြားရေး အလိန်း ယွတ်က ပြောပါတယ်။

ဗြိတိန်က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ပြဌာန်း ဆုံးဖြတ်ချက် မူကြမ်း တစောင်ကို ကုလသမဂ္ဂကို တင်ဖို့ ပြင်နေပါတယ်။

ဆီးရီးယားကို စစ်ရေး အရ အရေးယူမလား၊ ပိတ်ဆို့ ဒဏ်ခပ်မှု လုပ်မလား ဆိုတာကို ဒီမူကြမ်းထဲမှာ ဖော်ပြထားခြင်း မရှိပါဘူး။

ဒီအတော အတွင်းမှာ ပြင်သစ် နိုင်ငံ ဆိုင်ရာ ဆီးရီးယား သံအမတ်ကြီး ရာထူးက နှုတ်ထွက်သွားပြီဆိုတဲ့ သတင်းတွေ ပြင်သစ်ကနေ ပေါ်ထွက်လာပါတယ်။

သံအမတ်ဆီကလို့ ပြောတဲ့ ရာထူးက နှုတ်ထွက်စာကို ပြင်သစ် တီဗွီလိုင်း တခုမှာ ပြသသွားပါတယ်။

ဆီးရီးယားက ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုတွေကို အစိုးရက ဖိနှိပ်မှုကို ကန့်ကွက်တဲ့ အနေနဲ့ နှုတ်ထွက်တာလို့ ကြေညာချက်မှာ ပြောထားပါတယ်။

နောက်ပိုင်းမှာ ဆီးရီးယား ရုပ်မြင် သံကြားက ဒီသတင်းကို ငြင်းဆိုသွားပြီး အာရပ် ရုပ်သံလိုင်း တခုမှာ သူ့ကိုယ်သူ လာမီယာ ချက်ကော ဆီးရီးယား သံအမတ်လို့ ပြောနေတဲ့ အမျိုးသမီး တယောက်နဲ့ တွေ့ဆုံ မေးမြန်းခန်းကို ထုတ်လွှင့် ပြသသွားပါတယ်။

အဲဒိ ပြသချက်မှာ ဒီအမျိုးသမီးက သူရာထူးက မနှုတ်ထွက်သေးဘူးလို့ ပြောသွားပါတယ်။