လစ်ဗျားမှာ စစ်ရာဇဝတ်မှုတွေ ရှိခဲ့လား

  • 9 ဇွန် 2011

ဂျနီဗာမှာ ပြုလုပ်နေတဲ့ လူ့အခွင့် အရေး ကောင်စီ အစည်း အဝေးမှာ လစ်ဗျား နိုင်ငံ အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲမှု တွေနဲ့ ပတ်သက်လို့ အခြေ အတင် ပြောဆိုခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင်
Image caption နေတိုးတပ်ဖွဲ့တွေကို လစ်ဗျား အစိုးရဘက်က စွပ်စွဲ

လစ်ဗျား နိုင်ငံ ကတော့ ဗိုလ်မှူးကြီး ကဒါဖီကို သစ္စာ စောင့်သိတဲ့ တပ်ဖွဲ့တွေက စစ်ရာဇဝတ်မှု ကျူးလွန်တာ မဟုတ်ဘဲ လစ်ဗျား သူပုန်တွေနဲ့ နေတိုး တပ်ဖွဲ့တွေကသာ လစ်ဗျား ပြည်သူတွေကို ထိခိုက်အောင် လုပ်ဆောင် နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

လူ့ အခွင့် အရေး ကောင်စီမှာ လစ်ဗျား နိုင်ငံက ကိုယ်စားလှယ် Mustafa Shaban က ဖေဖော်ဝါရီလ တုန်းက ဆန္ဒပြမှု တွေဟာ မမျှော်လင့်တဲ့ လက်နက်ကိုင် ပုန်ကန်မှုတွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူးတွေက ဗိုလ်မှူကြီး ကဒါဖီဟာ နှိပ်စက် ညှင်းပမ်းမှုနဲ့ သတ်ဖြတ်မှု အပါအဝင် အရပ်သားတွေကို လက်လွတ်စပယ် တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ အမိန့်ပေးခဲ့တဲ့ အထောက် အထားတွေ သူတို့မှာ ရှိတယ်လို့ ပြော ပါတယ်။

ဒါ့အပြင် အစိုးရရဲ့ တပ်ဖွဲ့တွေ လောက် မများ ပေမဲ့ သူပုန်တွေ ဘက်က ညှင်းပမ်း နှိပ်စက်မှုတွေ ရှိခဲ့တဲ့ အထောက် အထား တွေလည်း ရှိတယ် လို့ သူတို့က ပြောပါတယ်။

အာရပ်နိုင်ငံများ ပြည်ထောင်စုက လစ်ဗျား ညီလာခံ

လစ်ဗျား သူပုန်တွေ ဖွဲ့စည်း ထားတဲ့ အသွင် ကူးပြောင်းရေး ကောင်စီ ကိုယ်စားလှယ် တွေက သူတို့ ထိန်းချုပ်မှု အောက်မှာ ရှိတဲ့ ရေနံတွင်း တွေကနေ ရေနံ ထုတ်လုပ်မှုတွေ ပြန်လည် စတင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အဲဒီ ကောင်စီရဲ့ ဘဏ္ဍာရေး ဝန်ကြီး အာလီ တာဟောင်းနီးက ( Ali Tarhouni) က တစ်နေ့ ကို ရေနံ စည်ပေါင်း တစ်သိန်း စတင် ထုတ်လုပ်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အချိန်ကာလ သတ်မှတ်ချက်ကိုတော့ သူက မပြောခဲ့ ပါဘူး။

အင်အားကြီး အနောက် နိုင်ငံတွေ၊ အရှေ့ အလယ်ပိုင်းက မဟာမိတ်တွေနဲ့ ဖွဲ့စည်း ထားတဲ့ လစ်ဗျား ဆက်သွယ် ဆောင်ရွက်ရေး အဖွဲ့ရဲ့ အဘူဒါဘီက ဆွေးနွေးပွဲမှာ သူက အခုလို ပြောခဲ့တာပါ။

သူတို့က လစ်ဗျား နိုင်ငံ တည်ငြိမ်မှုကို ဘယ်လို ဖော်ဆောင် နိုင်မလဲ၊ ဗိုလ်မှူးကြီး ကဒါဖီ အုပ်စိုးမှု နောက်ပိုင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ အတွက် ရန်ပုံငွေ ဘယ်လို ရရှိနိုင်မလဲ ဆိုတာ တွေကို ဆွေးနွေး ကြမယ်လို့ မျှော်လင့်ရ ပါတယ်။