ဆီးရီးယားကို ကုလ လူ့အခွင့်အရေး မင်းကြီးက ရှုတ်ချ

  • 9 ဇွန် 2011
ဓာတ်ပုံ မူပိုင် none
Image caption ဆီးရီးယားကနေ တူရကီကို ထွက်ပြေးလာနေကြတဲ့ ဒုက္ခသည်တွေ

ကုလသမဂ္ဂ လူ့ အခွင့် အရေး ကော်မရှင်နာ မင်းကြီး Navi Pillay က ဆီးရီးယား နိုင်ငံမှာ အရပ်သား ဆန္ဒပြမှုတွေကို ရက်ရက်စက်စက် ချေမှုန်းမှုတွေ ရပ်တန်းက ရပ်ပါလို့ ဆီးရီးယား အစိုးရကို တိုက်တွန်းလိုက် ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆီးရီးယားအာဏာပိုင်တွေကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ပြင်သစ်နဲ့ ဗြိတိန်တို့ ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ပြင်ဆင်တင်သွင်းခဲ့ပြီးတဲ့နောက် အဲဒီလို ပြောခဲ့တာပါ။

ဒီလို ဆီးရီးယားကို သံတမန်ရေးအရ အဆင့်တဆင့်ထိ ရောက်အောင် ဖိအားပေးဖို့ကို ပြင်သစ်နဲ့ ဗြိတိန် ဦးဆောင်တဲ့ အနောက် အုပ်စု နိုင်ငံတွေက စလုပ်လာခဲ့တာဟာ ဆီးရီးယား နိုင်ငံထဲ ဆန္ဒပြမှုတွေကို အစိုးရရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေ ပိုဆိုးလာကတာကြောင့်လို့ ပြောရမှာပါ။

အဲဒိအတွက် ဆီးရီးယားကို တခုခု လုပ်ဖို့ သူတို့ ကိုယ်တိုင် ဖိအားပေးခံလာရပုံ ရတယ်လို့ သတင်းထောက်တွေက မှတ်ချက်ပေးပါတယ်။

ခုဆိုရင် ဆီးရီးယားနဲ့ ပတ်သက်ပြီး ပြင်သစ်နဲ့ ယူကေက သံတမန်တွေ သုံးတဲ့ အသုံးအနှုန်းတွေက ပိုမာလာပါတယ်။ ဆီးရီးယား သမ္မတ ဘာရှာ အယ်လအာဆတ်ရဲ့ အာဏာ တရားဝင်မှုဟာ တနေ့ တခြား ကွယ်ပျောက်စပြုနေပြီ၊ ဒါမှမဟုတ် လုံးဝကို ပျောက်သွားပြီဆိုတဲ့ အပြောမျိုး ပြောလာပါတယ်။

ဒါတောင်မှလည်း လောလောဆယ် အဆို ပြုထားတဲ့ လုံခြုံရေး ကောင်စီရဲ့ စကား အသုံးအနှုန်းက လစ်ဗျားတုန်းကလောက် မပြင်းပါဘူး။

လစ်ဗျားတုန်းက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုပေမယ့် ခုဆီးရီးယားမှာ ဒီအချက်က လုံးဝ ပါမလာပါဘူး။

တဘက်မှာ ဥရောပ သမဂ္ဂထဲမှာ ဆီးရီးယားကို ပိတ်ဆို့မှုသစ်တွေ လုပ်ဖို့ သပ်သပ် စကား ပြောနေတာတွေတော့ ရှိပါတယ်။

ရုရှက ကန့်ကွက်မှာကို ကျော်လွှားနိုင်တဲ့ အနေအထား ရောက်အောင် ဥရောပ နိုင်ငံ တချို့က ကုလသမဂ္ဂ ပြဌာန်း ဆုံးဖြတ်ချက်ကို ပြင်ဆင် ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။

ဒါတောင်မှလည်း ရုရှက ခုပြင်ထားတဲ့ ပြဌာန်း ဆုံးဖြတ်ချက်ကို မထောက်ခံဘူးလို့ ပြောနေပါတယ်။

တဘက်မှာ လုံခြုံရေး ကောင်စီထဲက တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေရဲ့ အနေအထားကလည်း ရှင်းရှင်း လင်းလင်း မရှိသေးပါဘူး။

ဒီတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆီးရီးယားက အခြေအနေကို လစ်ဗျားမှာလို မဟုတ်ဘဲ တုန့်ပြန် လုပ်ဆောင်တာ နှေးကွေးလွန်းအားကြီးတာ၊ တွေဝေလွန်းအားကြီးတာ တွေ့ရပါတယ်။

တချက်က ဆီးရီးယားဟာ အရှေ့အလယ်ပိုင်းမှာ မဟာဗျူဟာအရ လစ်ဗျားထက် ပိုပြီး အချက်အချာကျတဲ့ နိုင်ငံ ဖြစ်ပါတယ်။

နောက်တခါ ဆီးရီးယားဟာ ရုရှရဲ့ မဟာမိတ်အဖြစ် ဟိုးနှစ်ပေါင်းများစွာ ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။

တခါ အာရပ် နိုင်ငံတွေထဲမှာလည်း ဆီးရီးယားနဲ့ ပတ်သက်လာရင် သူတို့တွေရဲ့ ဆက်ဆံရေးဟာ အရမ်း ရှုပ်ရှုပ်ထွေးထွေး နိုင်တဲ့ အတွက် တသံထဲ ထွက်တာမျိုး မရှိပါဘူး။

ဒီအချက်တွေကြောင့်ပဲ ဆီးရီးယားနဲ့ ပတ်သက်ပြီး အားလုံး လက်ခံနိုင်တဲ့ ကျယ်ပြန့်တဲ့ သံတမန်ရေး ဘက်က အဖြေတခု မထွက်နိုင်သေးဘဲ ဖြစ်နေတာလို့ ဘီဘီစီ သတင်းထောက်က မှတ်ချက်ပေးထားပါတယ်။