တရုတ်နဲ့ ဗီယက်နမ်ကြား ပိုတင်းမာလာ

  • 9 ဇွန် 2011

ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် တန်ဇွန်းက တောင်တရုတ် ပင်လယ်ပြင်အတွင်းမှာ ပိုင်ဆိုင်မှု အတွက် အငြင်းပွားနေတဲ့ ကျွန်းတွေနဲ့ ပတ်သက်ပြီး သူတို့ နိုင်ငံရဲ့ အချုပ် အခြာ အာဏာပိုင် စိုးမှုကို နည်းလမ်း ပေါင်းစုံသုံးပြီး ကာကွယ် သွားမယ်လို့ ပြော ပါတယ်။

ဓာတ်ပုံ မူပိုင် south china sea
Image caption တေင်တရုတ် ပင်လယ်ပြင်

ပြီးခဲ့တဲ့လက တရုတ် ကင်းလှည့် သင်္ဘောတွေနဲ့ ဗီယက်နမ် သင်္ဘော တစ်စီး ထိပ်တိုက် တွေ့ခဲ့ပြီး အခု ဗီယက်နမ် ဝန်ကြီးချုပ်က အချုပ်အခြာ အာဏာ ပိုင်မှုကို ကာကွယ်မယ် ဆိုတဲ့ စကားတွေ ပြောလာတာကို ကြည့်ရင် တရုတ်နဲ့ ဗီယက်နမ် နှစ်နိုင်ငံကြားမှာ တင်းမာမှု ပိုကြီးလာတာကို ပြနေပါတယ်။

တောင်တရုတ် ပင်လယ်ပြင်ထဲက ရေကြောင်း သွားလာရေး အတွက် အရေးပါတဲ့ နေရာမှာ တည်ရှိတဲ့ ဒီကျွန်းတွေကို တရုတ်နဲ့ ဗီယက်နမ် အပြင် ဖိလစ်ပိုင်၊ မလေးရှား၊ တိုင်ဝမ်နဲ့ ဘရူနိုင်း နိုင်ငံ တို့ကလည်း သူတို့နဲ့ ဆိုင်တယ်လို့ ပြောနေပါတယ်။

ဒီလို တင်းမာနေတဲ့ အချိန်မှာ နှစ်နိုင်ငံ စလုံးက အင်တာနက် ဝက်ဆိုက်တွေကို ဟက်ကာတွေက တိုက်ခိုက် လာတာ ဖြစ်ပါတယ်။

ဗီယက်နမ် နိုင်ငံက တရုတ်လို အင်အားကြီးတဲ့ အိမ်နီးချင်း နိုင်ငံကြီးကို ဝေဖန်တာ ရှားမှ ရှားတဲ့ ဖြစ်ရပ်ပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့လက သင်္ဘောတွေ ထိပ်တိုက်တွေ့တဲ့ အဖြစ်အပျက်က အစိုးရထဲမှာ ဂယက် ရိုက်သွားပုံ ရပါတယ်။

အပြန်အလှန် စွပ်စွဲ တိုက်ခိုက်မှုများ

ဗီယက်နမ် ဘက်က သူတို့ သင်္ဘော ဗီယက်နမ် ရေပိုင်နက်ထဲမှာ ရှိနေတုန်းမှာ သင်္ဘောရဲ့ ကေဘယ် ကြိုးတွေကို တရုတ် ကင်းလှည့် သင်္ဘောတွေက တမင် ဖြတ် ပစ်တယ်လို့ ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ သူတို့ရဲ့ အချုပ် အခြာကို ပြောင်ပြောင် တင်းတင်း ချိုးဖောက် တာလို့ ဗီယက်နမ် ဘက်က ပြောပါတယ်။

ဒီအဖြစ် အပျက် အပြီးမှာ ဗီယက်နမ် ဝန်ကြီးချုပ်က ဗီယက်နမ် ရေပိုင်နက်ကို ကာကွယ်ဖို့ ပြည်သူလူထု၊ ပါတီနဲ့ စစ်တပ်ရဲ့ သံဓိဌာန်နဲ့ အစွမ်းကုန် လုပ်သွားမယ်ဆိုပြီး ထုတ်ဖော် ပြောလာတာ ဖြစ်ပါတယ်။

တချိန်ထဲမှာ နှစ်နိုင်ငံစလုံးမှာ ရှိတဲ့ ကွန်ပြူတာ ဟက်ကာတွေကလည်း သူတို့ စစ်မျက်နှာ အသီးသီးကနေ တိုက်ပွဲစတင် ပါတော့တယ်။

ဗီယက်နမ်နဲ့ တရုတ် အစိုးရထဲက အင်တာနက် ဝက်ဆိုက်တွေကို ဟက်ကာတွေက ဝင်တိုက်ခိုက် ကြပါတယ်။

ဗီယက်နမ် ဘက်က လူတွေက တရုတ် ကွန်ပြူတာ တွေမှာ သူတို့ နိုင်ငံ အလံပုံတွေ၊ နောက် တရုတ် ဆန့်ကျင်ရေး စာသားတွေ ပေါ်လာအောင် ရေးသား ပေးပို့ကြ သလို တရုတ် ဘက်ကလည်း အလားတူ တုံ့ပြန် ပါတယ်။

တိုက်တိုက် ဆိုင်ဆိုင် တရုတ်က လေယဉ်တင် သင်္ဘော တည်ဆောက် နေတာကို ပထမဆုံး အကြိမ် တရားဝင် အသိအမှတ်ပြု ကြေညာပြီး နောက်တစ်ရက်မှာ အင်တာနက် စစ်ပွဲ စတာ ဖြစ်ပါတယ်။

ဒေသတွင်းမှာ တရုတ်နိုင်ငံက သူ့ရဲ့ တနေ့ တခြား ကြီးမားလာတဲ့ အင်အား ထုတ်ပြလာတာကို မသက်မသာ ဖြစ်နေချိန်မှာ အခုလေယဉ်တင် သင်္ဘော တည်ဆောက် နေပြီ ဆိုတဲ့ သတင်းက ပိုပြီး မသက်မသာ ဖြစ်စေမှာဘဲလို့ သတင်းထောက် တွေက မှတ်ချက်ပေး နေပါတယ်။