မီဆရာတာမြို့ကို ကဒါဖီ တပ်တွေ တိုက်

  • 11 ဇွန် 2011
Libyan rebels in Misrata ဓာတ်ပုံ မူပိုင် Reuters
Image caption မီဆရာတာမြို့ တိုက်ပွဲမှာ ဒဏ်ရာရလာတဲ့ သူပုန်တွေ

လစ်ဗျားမှာ ဗိုလ်မှူးကြီး ကဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက မီဆရာတာ ဆိပ်ကမ်းမြို့ကို နောက်ထပ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆေးရုံက ဆရာဝန်တွေက ပြောပါတယ်။

အနဲဆုံး လူ ၂၂ ဦးသေဆုံးပြီး ၆၀ လောက် ဒဏ်ရာရခဲ့တယ်လို့ လဲဆိုပါတယ်။

သူပုန်တပ်တွေက လာမဲ့ အပတ်မှာ ကဒါဖီရှိနေတဲ့ မြို့တော် ထရီပိုလီ အထိ ချီတက်ပြီး ထိုးစစ်ဆင်ဖို့ အစီအစဉ်တွေ ရှိနေတာကို သိတဲ့ အတွက် တဖက်က ကြိုပြီး အပြင်းအထန် တိုက်နေတာ ဖြစ်နိုင်တယ်လို့ မီဆရာတာမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ဂျွန်လိုင်းက ပြောပါတယ်။

မီဆရာတာဟာ နိုင်ငံ အနောက်ပိုင်းက သူပုန်တွေ ထိန်းထားတဲ့အဓိက မြို့ပါ။ မြို့ကို အစိုးရ တပ်တွေက သုံးဖက် သုံးတန်က ဝိုင်းထားပြီး ပင်လယ်ဖက် ထွက်ပေါက်တခုပဲ ပွင့်နေတာ ဖြစ်ပါတယ်။ အဲဒီ ပင်လယ်ပိုင်းကပဲ သူပုန်တွေ ထိန်းထားတဲ့ နိုင်ငံအရှေ့ပိုင်းနဲ့ အဆက်အသွယ် လုပ်နေရတာ၊ လက်နက်နဲ့ ရိက္ခာတွေ မြို့ထဲကို သွင်းနေရတာ ဖြစ်ပါတယ်။

နေတိုးလေယာဉ်တွေကတော့ တိုက်ပွဲတွေ ဖြစ်နေတုန်း မီဆရာတာ မြို့နားကို ရောက်မလာကြဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။

နေတိုးဖက်က အကူအညီပေးမှုအားနဲနေတာကိုလဲ လစ်ဗျား သူပုန်တွေက စိတ်ပျက် နေကြတယ်လို့ ဆိုပါတယ်။ ဗြိတိသျှ စစ်တပ်က အပါချီ တိုက်ရဟတ်ယာဉ်တွေ လစ်ဗျားကို လွှတ်ထားပြီ ဖြစ်ပေမဲ့ ဒီအပတ်ထဲမှာ မီဆရာတာမြို့ အတိုက်ခံနေရချိန်မှာ အဲဒီ တိုက်လေယာဉ်တွေ အနောက်ဖက်ခြမ်းကို မရောက်လာ သေးတာကိုလဲ သူပုန်တွေဖက်က စိတ်မရှည်နိုင်ပဲ ဖြစ်နေကြပါတယ်။