အိုပက် နဲ့ ရေနံစျေး

  • 10 ဇွန် 2011
OPEC
Image caption OPEC က ရေနံ တိုးထုတ်မှာ မဟုတ် လို့ ဆုံးဖြတ်

ရေနံရောင်းနိုင်ငံများ အဖွဲ့ အိုပက် အဖွဲ့ဝင် နိုင်ငံတွေ ရေနံ ကို ပိုထုတ် ဖို့ ဆိုတဲ့ သဘော တူညီ ချက် မရ တဲ့ နောက်ပိုင်း ရေနံစျေးက ရိပ် ကနဲ တက်လာ နေပါတယ်။

အိုပက် ရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီး တဲ့နောက် ရေနံစိမ်း တစည် စျေး ၃ ဒေါ်လာ ကျော် တက် လာ ပါတယ်။

အိုပက် ရေနံ ထုတ်နိုင်ငံများ ထဲမှာမှ အများဆုံး ထုတ်လုပ်တဲ့ ဆော်ဒီ အာရေဗျ နိုင်ငံ နဲ့ အဖွဲ့ဝင် တချို့ နိုင်ငံတွေ က အိုပက် အဖွဲ့ဝင် နိုင်ငံတွေအားလုံး ကို ရေနံ ပိုထုတ်ဖို့ ကို စည်းရုံး ခဲ့ကြ ပါတယ်။

ဒါပေမယ့်လည်း သူတို့က သဘောမတူခဲ့ကြပါဘူး၊ အဲသလို ရေနံ ထုတ်ကုန် ပမာဏ တိုးလာ မယ်လို့ မျှော်လင့် ထားကြရာကနေ မတိုးဘူး ဆိုတဲ့ သတင်း နောက် မှာ တော့ ရေနံ စျေး က ထိုးတက် လာခဲ့တာပါ။

စျေးတက် လာတာ က စိုးရိမ်မှုကြောင့် ဆိုတော့ ရေနံ အထွက်တိုး လာမယ် ဆိုရင် စိုးရိမ်မှု က လျော့သွားနိုင်ပြီး အရင်တလော က စျေးထိ ပြန်ကျ သွားနိုင် တဲ့ အလား အလာ ရှိကြောင်း တချို့ ကမှန်းဆ နေပါတယ်။

ဆော်ဒီ အာရေဗျ အနေနဲ့ ကတော့ အိုပက် က ဘယ်လိုဆုံးဖြတ်ဖြတ် သူတို့ ကတော့ ရေနံ ကို တိုးထုတ် မယ့် ပုံ ရှိပါတယ်။

ဒါပေမယ့်လည်း အိုပက် တခုလုံး အနေနဲ့ ကတော့ ဒီလို လိုက်လုပ်မှာ မဟုတ်ပါဘူး။

အိုပက် က ရေနံ စျေးကွက် တည်ငြိမ်မှု ကို ရည်မှန်းချက် ထားတယ် လို့ အမြဲ ဆိုပေမယ့် ကမ္ဘာ့ ဘဏ္ဍာရေး ဆိုင်ရာ အကြပ်အတည်း ဆိုက် ချိန် မတိုင် ခင် ကနေ အခု အချိန် ကာလ အထိ ရေနံစျေး က အတော် တက်ခဲ့ ပြီး အိုပက် အနေနဲ့ လည်း စျေးငြိမ်အောင် မလုပ်ပေး နိုင်ခဲ့ ပါဘူး။

အိုပက် နိုင်ငံ တွေ အနေနဲ့ အဲဒီ အချိန် ကတည်း က ရေနံ ထုတ်ပေးမယ် ဆိုတဲ့ ကိုတာ အရေအတွက် ထက် ပို တိုးပြီး ထုတ်ပေး ခဲ့တာတော့ ရှိခဲ့ပါတယ်။

စီးပွားရေး အရ အင်အားကောင်း ထိုးထွက်လာနေတဲ့ နိုင်ငံတွေရဲ့ ရေနံ တောင်းဆိုမှု က အမြဲတမ်း မြင့်လာ နေတော့ အိုပက် နိုင်ငံ တွေ အနေနဲ့ ရေနံ ကို စျေးကောင်း နဲ့ ရောင်းနိုင် နေပုံ ရှိနေပါတယ်။