ဆီးရီးယားမှာ ဆန္ဒပြသူတွေကို ထပ်ပစ်လို့ ထပ်သေ

  • 11 ဇွန် 2011
Syrian refugees ဓာတ်ပုံ မူပိုင် BBC World Service
Image caption တူရကီနယ်စပ်မှာ ရွက်ဖျင်တဲတွေနဲ့ နေနေရတဲ့ ဆီးရီးယား ဒုက္ခသည်တွေ

ဆီးရီးယား နိုင်ငံမှာ မနေ့က မြို့တော် ဒမတ်စကပ်အပါအဝင် နိုင်ငံအနှံ့ မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို အစိုးရတပ်တွေက ပစ်ခတ်လို့ အနဲဆုံး လူ ၂၈ ယောက် သေဆုံးခဲ့တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။ အဲဒီထဲမှာ ၁၀ ယောက်က မြောက်ပိုင်းက Maaret al Numan မြို့မှာပါ။

လူငယ်လေး နှစ်ယောက် သူ့ရှေ့မှာတင် သေသွားတာ တွေ့လိုက်ရတယ်လို့ မြို့ခံတယောက်က နာမည်နဲ့ တကွ ပြောပြပါတယ်။ မြို့ထဲက ရဲစခန်းနဲ့ တရားရုံး အဆောက်အဦ မီးရှို့ခံခဲ့ရပြီးတဲ့ နောက်မှာ စစ်ရဟတ်ယာဉ် တွေ ရောက်လာပြီး ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားကတော့ သောကြာနေ့ ဝတ်ပြုပွဲတွေ အပြီးထွက်လာတဲ့ လက်နက်တွေ ကိုင်ထားတဲ့ လူအုပ်ကြီးတွေက အစိုးရတပ်တွေကို ဝိုင်းတိုက်ခဲ့တယ်လို့ ကြေငြာ သွားပါတယ်။

တခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဒီအပတ်ထဲမှာ အများကြီးသေခဲ့ရတယ် ဆိုတဲ့ နောက်ထပ် မြောက်ပိုင်းက Jisr al-Shugur မြို့မှာတော့ ထပ်ရောက်လာတဲ့ လုံခြုံရေးတပ်တွေက အိမ်တွေကို ဘူဒိုဇာနဲ့ထိုးပြီး သီးနှံခင်းတွေကိုလဲ ဖျက်ဆီးပစ်ခဲ့တယ် မြေလှန်စနစ်နဲ့ ချေမှုန်းနေတယ် လို့ အတိုက်အခံတွေ ဖက်က ပြောပါတယ်။

လခြမ်းနီ ကြက်ခြေနီ အဖွဲ့ကတော့ ဆီးရီးယားနိုင်ငံထဲက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နေရာချထားပေးဖို့ တူရကီ နိုင်ငံ နယ်စပ်မှာ လူငါးထောင် နေနိုင်တဲ့ စခန်းအသစ် တခု ဆောက်နေပါတယ်။

တူရကီစစ်တပ်ကလဲ ဒုက္ခသည်တွေကို နယ်စပ်ကနေ စခန်းတွေအထိ ကားနဲ့ ပို့ပေးနေပါတယ်။ အခုအထိ မိန်းမနဲ့ ကလေး အများစုပါတဲ့ လူ သုံးထောင်လောက် တူရကီဖက်ကို ကူးလာခဲ့ကြပါပြီ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြသူတွေကလည်း ဆက်တိုက်ပြ

အမျိုးသားတွေ အများစုကတော့ သေနတ်ဒဏ်ရာတွေနဲ့ ရောက်လာကြတာ တွေ့ရပါတယ်။ လခြမ်းနီ ကြက်ခြေနီ အဖွဲ့ဝင် တယောက်ကတော့ ဂျီဆရာ အယ် ရှဂူးဝါးမြို့မှာ သူ ဒဏ်ရာရတဲ့ လူတွေကို ကူပေးနေတုန်း ကျောကုန်းကို သေနတ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ပြောပြပါတယ်။

တူရကီဝန်ကြီးချုပ် ရာဂျစ် တာရက် အာဒိုဝမ်က ဆီးရီးယားနိုင်ငံထဲမှာ အတိုက်အခံတွေကို နှိမ်နင်းခဲ့ပုံဟာ ကြမ်းကြုတ်ရက်စက်ပြီး လူမဆန်တဲ့ လုပ်ရပ်လို့ ဝေဖန် ရှုတ်ချလိုက်ပါတယ်။

မစ္စတာ အာဒိုဝမ်က ဆီးရီးယား အစိုးရဟာ ရက်စက်မှုတွေကို ကျူးလွန်ခဲ့ ပြီမို့ သူ့အနေနဲ့ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ကာကွယ်ပေး မနေနိုင်တော့ဘူးလို့လဲ ပြောပါတယ်။

သူ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သမ္မတ အာဆတ်ကို ဖုန်းနဲ့ ဆက်သွယ်ပြီး ပြုပြင် ပြောင်းလဲရေးတွေကို လုပ်ပေးဖို့ တိုက်တွန်းခဲ့ပေမဲ့ ဆီးရီးယား အစိုးရဖက်ကတော့ ဘာမှ လုပ်ပြလာတာ မရှိဘူးလို့လဲ ဆိုလိုက်ပါတယ်။