HIV ရှိ​လို့ ကလေး​တ​ဦး ကျောင်း​ထုတ်​ခံ​ရ

  • 12 ဇွန် 2011
nargis
Image caption အစိုးရကျောင်းတွေမှာ ပညာမသင်နိုင်ကြတဲ့ ကလေးတွေ အများ အပြားရှိ

တောင်ဒဂုံမြို့နယ်မှာရှိတဲ့ မူလတန်း ကျောင်းက ကျောင်းစတက်နေတဲ့ သူငယ်တန်းကျောင်းသား တဦးဟာ HIV ရောဂါရှိလို့ ကျောင်းကနေ ထုတ်ပယ် ခံလိုက် ရပါတယ်။

ကလေးဟာ ကျောင်းတက်ချင်တဲ့အတွက် မနက်အစောကြီး စာထကျက်နေတဲ့အတွက် သူ့မိသားစုမှာ စိတ်မကောင်း ဖြစ်နေရပါတယ်။ ကလေးဟာ (၃) ရက်တိတိ ကျောင်းတက်ပြီးမှ ကျောင်းအုပ်ဆရာမကြီးကို ကျောင်းသားမိဘ တချို့က ဖိအားပေး ပြောဆိုတာကြောင့် ကလေးကို ကျောင်းက ထုတ်လိုက်တာ ဖြစ်ပါတယ်။

ကျောင်းထုတ်ခံလိုက်ရတဲ့ ကလေးဟာ ခန္ဒာကိုယ်မှာ ဘာရောဂါလက္ခဏာမှမရှိဘဲ ကျန်းကျန်းမာမာ ရှိနေတဲ့အတွက် တခြားကျောင်းသားတွေနဲ့ ရောနှော နေထိုင်ရုံနဲ့ ရောဂါမကူးစက်နိုင်ဘူးဆိုတာ သေချာတယ်လို့ HIV ဝေဒနာသည်တွေကို ကူညီစောင့်ရှောက် ပေးနေတဲ့ တာဝန်ခံတဦးက ဆိုပါတယ်။

လာမယ့် တနင်္လာနေ့မှာ အဲဒီကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီးကို ပညာသင်ကြားဖို့ ကျောင်းမှာ လက်ခံဖို့အတွက် သွားရောက် ပြောဆိုမယ်လို့လဲ သူကပြောပါတယ်။

HIV ရောဂါရှိတဲ့ ကလေးတွေ အတွက် သီးသန့်ကျောင်းဆိုတာ အစိုးရက မဖွင့်လှစ်ထားသေး ပါဘူး။

ဒီ့အပြင် အခမဲ့ ကျောင်းတွေကို အာဏာပိုင်အဖွဲ့အစည်းက ဖိအားပေးတာတွေ HIV ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ပေးနေသူတွေကိုလဲ အာဏာပိုင် တွေက နှောင့်ယှက်တာတွေ ရှိနေတာကြောင့် ပညာသင်ကြားချင်စိတ် ကြီးနေတဲ့ ဝေဒနာသည် ကလေးတွေအတွက် အခက်တွေ့ နေရပါတယ်။