အာဖရိက အယ်ကိုင်ဒါ ထိပ်တန်း ခေါင်းဆောင် အသေရ

  • 12 ဇွန် 2011
Fazul Mohamed ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်လာ ငါးသန်း ဖမ်းဝရမ်း ထုတ်ထားတဲ့ အယ်ခိုင်ဒါ ခေါင်းဆောင် ဖာဇူလ မိုဟာမက်

အမေရိကန် အစိုးရ အလိုရှိဆုံး အယ်ကိုင်ဒါ ခေါင်းဆောင်တွေထဲ တဦး အပါအဝင် ဖြစ်တဲ့ ဖာဇူလ မိုဟာမက်ကို ဆိုမား လီးယား အာဏာပိုင်တွေက အသေ ဖမ်းဆီး ရမိခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အယ်ခိုင်ဒါကို အထိနာစေမယ့် ထိုးနှက်ချက်လို့ ပြောဆို ခဲ့ပါတယ်။

ဖာဇူလ မိုဟာမက်ကို ၁၉၉၈ ခုနှစ်က အာဖရိ ကတိုက် အရှေ့ပိုင်းမှာ ရှိတဲ့ အမေရိကန် သံရုံးတွေ ဗုံးခွဲ တိုက်ခိုက်မှုနဲ့ အလိုရှိနေတာပါ။

တန်ဇန်နီးယားနဲ့ ကင်ညာက အမေရိကန် သံရုံးတွေ ဗုံးခွဲ တိုက်ခိုက်မှုမှာ လူနှစ်ရာကျော် သေဆုံးခဲ့ပြီး ၂၀၀၂ ခုနှစ်ကလည်း ကင်ညာ ကမ်းရိုးတန်းမှာ အစ္စရေး လေယာဉ် တစီးကို အောက်ကနေ ဒုံးကျည်နဲ့ လှမ်းပစ်မှုတွေဟာ သူ့လက်ချက်လို့ အမေရိကန်တို့က ယူဆ ပါတယ်။

သူဟာ ဆိုမားလီးယားမှာ ပုန်းနေတာ နှစ်ပေါင်း များစွာ ရှိနေပြီလို့ အမေရိကန်တွေက ယုံကြည်နေပြီး ဆိုမားလီးယား မြို့တော် မိုဂါဒစ်ရှုးကို ထိန်းချုပ်ထားတဲ့ အစ္စလာမ် တရားရုံးတော်လို့ သူတို့ကိုယ် သူတို့ ခေါ်နေတဲ့ အဖွဲ့တဖွဲ့ကို ဒီလူကို သူတို့လက် အပ်ဖို့ အတန်တန် ပြောပေမယ့် အဲဒိ အဖွဲ့က ဖာဇူလ မိုဟာမက်ဟာ ဆိုမားလီးယားမှာ မရှိဘူးလို့ အတန်တန် ငြင်းနေပါတယ်။

သူက နံမယ်ဝှက်တွေ သုံးပြီး ပုန်းတဲ့ နေရာမှာ သိပ် ပိရိတယ်လို့ အက်ဖဘီအိုင်ကကို ပြောယူ ရသူ ဖြစ်ပါတယ်။

ဥပမာ ကင်ညာ ဗုံးခွဲမှု အပြီးမှာ သူရဲ့ မိခင် တိုင်းပြည် ဖြစ်တဲ့ ကိုမိုးရို့စ ကျွန်းစုများကို ပြန်ပြီဆိုပြီး သတင်းလွှင့်ပါတယ်၊ ဒါပေမယ့် တခြား နံမယ်ဝှက် တခုနဲ့ အရှေ့အလယ်ပိုင်းကို ကိုယ်ယောင် ဖျောက်သွားပါတယ်။

တခါ ၂၀၀၂ ခုနှစ်ကလည်း ဥရောပက ထောက်လှမ်းရေး အဖွဲ့တွေနဲ့ အမေရိကန် ထောက်လှမ်းရေး ပူးပေါင်းပြီး အထူးတပ်ဖွဲ့ တဖွဲ့ အာဖရိကကို လွှတ်ပြီး သူ့ကို ဖမ်းဖို့ စီစဉ်ခဲ့ပေမယ့် သူဘာနံမယ်နဲ့ လှုပ်ရှားနေသလဲ ဆိုတာ သေချာ အတည် မပြုနိုင်တဲ့ အတွက် အဲဒိ အစီအစဉ်ကို လက်လွှတ် ခဲ့ရပါသေးတယ်။

နောက်တခါ ဖူလဇာ မိုဟာမက် အင်္ဂလိပ်၊ ပြင်သစ်၊ အာရေဗီ အပါအဝင် ဘာသာ စကား ငါးမျိုးလောက် တတ်ကျွမ်းပြီး ကွန်ပြူတာလည်း တော်တယ်လို့ သိရပါတယ်။

ခုပြောခဲ့သလို သူ့ကို အိန္ဒိယ သမုဒ္ဒရာထဲက ကိုးမိုးရို့စ ကျွန်းစုတွေမှာ ၁၉၇၀ အစောပိုင်း နှစ်တွေက မွေးပြီး ဆော်ဒီအာရေဗျမှာ စာသွားသင်ဖူးတယ်လို့ ယူဆရပါတယ်။

၁၉၉၀ လောက်ကနေ ခုထိ သူဟာ အာဖရိက အရှေ့ပိုင်း နိုင်ငံတွေနဲ့ အရှေ့ အလယ်ပိုင်း နိုင်ငံတွေမှာ လှည့်ပတ် နေနေပြီး တချိန်မှာ ပါကစ္စတန်မှာတောင် တနှစ်လောက် နေခဲ့ဖူးတယ်လို့ သိရပါတယ်။

အရှေ့ အာဖရိက နိုင်ငံတွေရဲ့ နယ်စပ်တွေက ကူးလို့ လွယ်သလို ဥပဒေ စိုးမိုးမှုလည်း မရှိတဲ့ အတွက် သူ့လို လူတယောက် အတွက်က နှစ်ပေါင်းများစွာ ပုန်းနေနိုင်တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု ဖြစ်ပြီး တနှစ် အကြာမှာ သူ့ကို အယ်လကိုင်ဒါရဲ့ အာဖရိက အရှေ့ပိုင်းက အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်မှု လုပ်ငန်းတွေကို ဦးဆောင်ဖို့ တာဝန်ပေးခံရတယ်လို့ ယုံကြည် ရပါတယ်။