ကေအိုင်အေနဲ့ မြန်မာစစ်တပ် တိုက်ပွဲဆက်

  • 12 ဇွန် 2011
Image caption ကေအိုင်အေ စခန်းတနေရာ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက ကေအိုင်အေ တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၅) ထိန်းချုပ်ရာ ဒေသအတွင်း မြန်မာစစ်တပ်နဲ့ ကေအိုင်အေတို့ ဒီကနေ့ မနက်(၆)နာရီလောက်က စလို့ တိုက်ပွဲတွေ တနေ့လုံး ကြိုကြားကြိုကြား ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတယ်လို့ အဲဒီဒေသက လာတဲ့ ဒေသခံတွေရဲ့ အပြောကို ကိုးကားပြီး တရုတ်မြန်မာနယ်စပ်က ဦးမျိုးသစ်က ပြောပါတယ်။

အစိုးရစစ်တပ်ဘက်က ခမရ (၃၁၈) (၃၁၉) (၃၂၀) (၃၄ရ) (၃၄၈)နဲ့ ခလရ (၁၄၁)အပါ တပ်ရင်း (၈)ရင်းလောက်က စုစုပေါင်း အင်အား(၅၀ဝ)ကျော်လောက်နဲ့ တိုက်ခိုက်နေတာဖြစ်ပြီး ကေအိုင်အေဘက်ကလဲ တပ်ရင်း(၁၅)အပါ တပ်ရင်း(၁၂)တပ်ရင်း(၂၅)တို့က အင်အားဖြည့်တင်းမှုနဲ့ အပြန်အလှန်ပစ်ခတ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

ကေအိုင်အေဘက်က တာပိန်ရေအားလျှပ်စစ်စက်ရုံစီမံကိန်းဘက်ဆီကို သွားတဲ့ နမ့်ဖတ်ချောင်းပေါ်က တံတားတခုကို မနေ့ကတည်းက ချိုးဖျက်ထားတယ်လို့လဲ ဒေသခံတွေက ပြောကြပါတယ်။

မြန်မာ အစိုးရဘက်က မြစ်ကြီးနား၊ ဗန်းမော်ဘက်တွေက အကျဉ်းသားတွေကို ပေါ်တာအဖြစ် အသုံးပြုဖို့ ထုတ်သွားတယ်ဆိုတဲ့ သတင်းတွေလဲ ထွက်ပေါ်နေပါတယ်၊

Image caption ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော်

ဘွမ်ဆန် မြန်မာလို ထုံးဘိုစခန်းလို့ သိကြတဲ့ စခန်းအနီးတဝိုက် ၂နေရာ ၃ နေရာမှာ မြန်မာတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေပြီး ကေအိုင်အေဘက်က ၄ ဦးသေဆုံးတယ်လို့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော်က ဘီဘီစီကို အတည်ပြုပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ကေအိုင်အေကို တိုက်ချင်လို့ တိုက်တဲ့သဘောလို့ သူက ပြောပြီး အဲဒီဒေသတွင်းမှာရှိတဲ့ တာပိန်ရေအားလျှပ်စစ်စက်ရုံစီမံကိန်းဆီကို မြန်မာစစ်တပ် ဗျူဟာမှုးတဦး သွားရောက်ရာက ပြန်မထွက်တော့တဲ့အတွက် သူတို့နဲ့ အချင်းများရာက တိုက်ပွဲတွေ ဖြစ်နေတာလို့ ဗိုလ်မှူးချုပ် ဂွန်မော်က ပြောပါတယ်။

အဲဒီကေအိုင်အေ စခန်းကို ဇွန်လ ၁၁ ၇က်နေ့ နေ့လည် ၁၂ နာရီ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ မြန်မာဘက်က ရာဇသံပေးထားပေမဲ့ ကေအိုင်အေက ဖယ်ရှားပေးခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ အဲဒီဒေသမှာ မြန်မာဘက်ကရော ကေအိုင်ဘက်ကပါ ဟိုဘက်ဒီဘက် လုံခြုံရေးယူထားကြတာဖြစ်ပြီး တာပိန် ရေအား လျှပ်စစ်စက်ရုံ စီမံကိန်းက လူတွေကို သွားလာခွင့်ပြုထားတဲ့အတွက် သူတို့အနေနဲ့ အထွေ အထူး ဖယ်ရှားပေးစရာမလိုဘူးလို့ ဗိုလ်မှူးချုပ် ဂွန်မော်က ပြောပါတယ်။

အခုလို တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေရင် ပြည်နယ်အတွင်းပြန့်နှံ့သွားနိုင်ပြီး အခြေအနေ ပိုရှုတ်ထွေးနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပြီး စေ့စပ်ညှိနှိုင်းဖို့ ကေအိုင်အိုဘက်က ဆန္ဒရှိတယ်ဆိုတာကို မနေ့က မြစ်ကြီးနားက မြန်မာစစ်တက်တာဝန်ရှိသူတွေကို ကမ်းလှမ်းထားတယ်လို့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော်က ဘီဘီစီကို ပြောပါတယ်။

မနေ့ကနေ အခုချိန်အထိအတွင်း သီးခြားအတည်ပြုနိုင်ခြင်းမရှိတဲ့ သတင်းအရ အနည်းဆုံး မြန်မာ စစ်တပ်ဘက်က သေဆုံးမှုတွေရှိခဲ့သလို (၃၀)လောက် ဒဏ်ရာရမှုရှိနေတယ်လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်မှုတွေကြောင့် စိုးရိမ်မှုနဲ့ ဒေသကနေ တရုတ်နယ်စပ်နဲ့ အနီးဝန်းကျင် ဒေသတွေကို ထွက်ပြေးလယသူ တထောင်ခန့်ရှိတယ်လို့ သိရပါတယ်။