အရပ်သားထိခိုက်မှုကြောင့် နေတိုး ပြဿနာတက်

  • 19 ဇွန် 2011
Libya ဓာတ်ပုံ မူပိုင် AFP
Image caption အပျက်အစီးပုံထဲကနေ ကယ်ဆယ်ရေး သမားတွေ ရှာဖွေနေကြ

လစ်ဗျားနိုင်ငံ၊ ထရစ်ပိုလီမြို့မှာ နေတိုးတပ်တွေက လစ်ဗျား အစိုးရ တပ်တွေကို လေကြောင်းကနေ တိုက်ခိုက်ရာမှာ တခြားအရပ် သားတွေကိုပါ ထိခိုက်တယ်လို့ လစ်ဗျားအာဏာပိုင်တွေက ပြောပါတယ်။

နေတိုးတပ်တွေ လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့ နေရာကို ဘီဘီစီ သတင်းထောက် ဂျယ်ရမီ ဘိုဝမ်နဲ့အဖွဲ့ ရောက်သွားတော့ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ဒေသခံအရပ်သားတွေဟာ ပြိုကျပျက်စီးနေတဲ့ အုပ်ခဲအကျိုးအပျက်ပုံတွေကို သူတို့ရဲ့ လက်ဗလာနဲ့ တူးဆွဖယ်ရှားပြီး ပိတ်မိနေတဲ့သူတွေရှိမရှိနဲ့ သေဆုံးသူ အလောင်းတွေ ရှိမရှိဆိုတာကို ရှာဖွေနေကြပါတယ်။

မြို့ရဲ့ လူနေရပ်ကွက်ဖြစ်တဲ့ ဆောက် အယ်လ် ဂျူးမာဆိုတဲ့ နေရာက အဆောက်အအုံ အပျက်အစီးပုံဟာ လစ်ဗျားအစိုးရတပ်တွေရဲ့ လေတပ်စခန်းနဲ့ ဆိုရင် တစ်မိုင်လောက် ဝေးပါတယ်။ အဲဒီလေတပ် စခန်းနေရာကို နေတိုးက ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပါတယ်။

အပျက်အစီးပုံတွေ အနီးအနားက အိမ်နီးချင်းတွေ ပြောတာကတော့ ပေါက်ကွဲပြိုကျမှုဟာ မနက် ၁ နာရီလောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နေတိုးတပ်က လေကြောင်းကနေ ဒါမှမဟုတ် မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်လိုက်တဲ့ နေရာဟာ မိသားစုအိမ်တစ်ခုလို့ ယူဆရပါတယ်။

တကယ်တော့ လစ်ဗျားက နေတိုးရဲ့ တာ၀န်က အရပ်သားတွေကို ကာကွယ် ပေးဖို့ပါ။ အခုတော့ လစ်ဗျားမှာ နေတိုးရဲ့ လုပ်ကိုင်ပုံတွေနဲ့ သူတို့ရဲ့ ရလာဒ် တွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အထူးသဖြင့် နေတိုးကနေ လစ်ဗျားတိုက်တာကို အစောကတည်းက လက်မခံခဲ့တဲ့ နေတိုးအဖွဲ့ဝင် တချို့က မေးခွန်းထုတ်ကြပါမယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း ရေနံထွက်တဲ့ မြို့ဖြစ်တဲ့ ဘရာဂါမှာ နေတိုးတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်ခဲ့မှုအပေါ် နေတိုးအနေနဲ့ တောင်းပန်ခဲ့ရပါတယ်။