ဆီရီးယားတပ်ဖွဲ့တွေ အနောက်မြောက်မြို့ကို ဝင်စီး

  • 12 ဇွန် 2011
ဓာတ်ပုံ မူပိုင် ap
Image caption အစိုးရတပ်တွေက ရဟတ်ယာဉ်တွေ တင့်ကားတွေ၊ အမြောက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့

ဆီးရီးယား တပ်ဖွဲ့တွေဟာ နိုင်ငံ အနောက်မြောက်ဘက်ပိုင်းက ဂျီးဆား အူရှာဂူး မြို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနှင်း တိုက်ခိုက်နေပါပြီ။

အာဏာပိုင်တွေက အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေလုပ်နေရာ အခုတိုကခိုက်မှုဟာ နောက်ဆုံးဖြစ်ရပ်ပါ။

ဒီကနေ့မနက် အစောပိုင်းကစလို့ အစိုးရ တပ်ဖွဲ့တွေက ရဟတ်ယာဉ်တွေ တင့်ကားတွေ၊ အမြောက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါ တယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားကတော့ ဂျီးဆား အူရှာဂူးမြို့တဝိုက်နဲ့ မြို့ထဲမှာ ကတုတ်ကျင်းတွေ တူးပြီး နေရာယူထားကြတဲ့ သေနတ်သမားတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ကြေညာသွားပါတယ်။

သေနတ်သမား ၂ ဦးသေဆုံးသွားပြီး တခြားသေနတ်သမားတွေကို ဖမ်းဆီးကာ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

တင့်ကားတွေကနေ အမြောက်တွေနဲ့ပစ်တယ်ဆိုတာကတော့ မဟုတ်ဘူးဆိုပြီး ဗိုလ်ချုပ်တဦး က ဘီဘီစီကို ပြောကြား ပါတယ်။

တနင်္လာနေ့က ဂျီးဆား အူရှာဂူး မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂၀ ကို သတ်ဖြတ်ခဲ့တဲ့ သေနတ် သမားတွေကိုသာ ပစ်မှတ်ထားတာ ဖြစ်တယ်လို့ အစိုးရကပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ငြိမ်ချမ်းစွာ ဆန္ဒပြမှုတွေအတွင်း လူအများ အပြား သေဆုံးသွားတဲ့ပေါ် အထူးစိုးရိမ်ပြီး ဝမ်းနည်းရပါကြောင်း၊ အစိုးရအနေနဲ့ လူသား တွေရဲ့ အသက်ကို အတတ်နိုင်ဆုံး အကာကွယ်ပေးကာ အကူအညီပေးရေး အဖွဲ့တွေကို ဆီရီးယားနိုင်ငံထဲ ပေးဝင်ဖို့ သမ္မတ အာဆတ်ကို တိုက်တွန်းပြောကြား သွားပါတယ်။

ထောင်ပေါင်းများစွာသော ဆီးရီးယား ပြည်သူတွေဟာလည်း နယ်စပ်ကို ဖြတ်ကျော်ကာ တူရကီနိုင်ငံထဲ ထွက်ပြေးခဲ့ကြ ပါတယ်။