ပေါ်တာ အကျဉ်းသားတွေ ရက်စေ့လဲ မလွတ်သေး

  • 13 ဇွန် 2011
_burma_soldiers ဓာတ်ပုံ မူပိုင် Reuters
Image caption အကျဉ်းကျသူတွေကို လုပ်အားပေးခိုင်းတဲ့ မြန်မာ အစိုးရ တပ်

မနှစ်ကုန် ပိုင်းက စပြီး တိုက်ပွဲ တွေ ဖြစ်နေတဲ့ ရှေ့တန်း စစ်မျက်နှာ တွေမှာ ပေါ်တာ ထမ်းဖို့ အတွက် အကျဉ်းထောင် အသီးသီးက ရာဇဝတ် အကျဉ်းသား တွေကို အကျဉ်း ဦးစီး ဌာနက လျှော့ရက် တရက် ပေးမယ် ဆိုပြီး ရှေ့တန်းကို ပို့ခဲ့ ပါတယ်။

အခုတော့ လျှော့ရက်နဲ့ လွတ်ရမှာ ဖြစ်ပေမယ့် အကျဉ်းသား တွေကို ရှေ့တန်းမှာပဲ ဆက်ထားနေလို့ ထွက်ပြေး သူက ပြေး၊ မပြေး ရဲတဲ့ သူကလဲ ဆက်ပြီး ဒုက္ခ ခံနေ ကြရပါတယ်။

ကရင် လက်နက် ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာအနား မွန်ပြည်နယ်နဲ့ ကရင် ပြည်နယ် အစပ်က ပိန္နဲတော စခန်းမှာ ရောက်နေကြတဲ့ အကျဉ်းသား ပေါ်တာ တချို့ ဆိုလဲ လွတ်ရက်စေ့ ပေမယ့် လွှတ်မပေးလို့ မကျေမနပ် ဖြစ်သူကဖြစ်၊ ထွက်ပြေးသူက ပြေးနဲ့ ဒုက္ခ အမျိုးမျိုးနဲ့ ရင်ဆိုင် နေကြရတယ် လို့ သိရပါတယ်။

နှစ်ဆန်းပိုင်းက လွတ်ရက်စေ့နေ ပေမယ့် မလွှတ်ပေးလို့ ရှေ့တန်းမှာ သောင်တင်နေရတဲ့ သူတဦးက တော့ သူ့တို့ ကို စစ်ပေါ်တာ လိုက်လို့ ရှိရင် ပြစ်ဒဏ် လျော့ပေးမယ်၊ စောစော စီးစီး ပြန်လွှတ်မယ် ဆိုလို့ ထောင်က နေ ထုတ်လာခဲ့တဲ့ အကြောင်းနဲ့ အခုတော့ လူ အစိတ်လောက်က ၅ ယောက်လောက်သာ ကျန်တော့ ကြောင်း၊ အလုပ်ဒဏ် ကို မခံနိုင် တော့လို့ ထွက်ပြေး ကြကြောင်း တွေကို ပြောပြ သွား ပါတယ်။

တချို့လဲ ထွက်ပြေး လို့ လွတ်သူတွေ ရှိပေမယ့် တချို့လဲ ရှေ့တန်း မှာပဲ သေဆုံး သွားကြ သူတွေ ရှိတယ် လို့လဲ ဆိုပါတယ်။ သူ့အနေနဲ့လဲ လွတ်လက်မှတ် မပါဘဲ ပြန်ရင်လဲ အမိန့်မရဘဲ ပြေးတယ်ဆိုပြီး တမှုထပ်တိုး မှာ စိုးလို့ ကြိတ်မှိတ် နေရကြောင်းနဲ့ ဘယ်သူ့ကို အကူအညီ တောင်းရမှန်း လဲ မသိလို့ တွယ်ရာမဲ့ ဖြစ်နေကြောင်း တွေကို လဲ ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကာလက စပြီး ကရင် ပြည်နယ် ဘက်မှာ တိုက်ပွဲ တွေ တရစပ် ဖြစ်နေချိန် အကျဉ်းထောင် အသီးသီးက အကျဉ်းသား ထောင်ပေါင်းများစွာကို ရှေ့တန်း စခန်းတွေ မှာ ပေါ်တာ အကျဉ်းသား အဖြစ် ပို့ထားခဲ့ကြ တာဖြစ်ပါတယ်။

အဲဒီထဲက တချို့ကတော့ တိုက်ပွဲတွေ ပြင်းထန် နေတဲ့ ကြားက ထိုင်းနိုင်ငံ ဘက်ကို ထွက် ပြေးသွား နိုင်ခဲ့ကြတယ် လို့လဲ သိရပါတယ်။