ဂျွန်ဘေနာ အိုဘားမားကို ဖြေရှင်းချက်တောင်း

  • 15 ဇွန် 2011
ဓာတ်ပုံ မူပိုင် Getty
Image caption သမ္မတ အိုဘားမားကို ဖြေရှင်းချက် တောင်းတဲ့ အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘေနာ

လစ်ဗျား စစ်ဆင်ရေးမှာ အမေရိကန် ပါဝင်မှုနဲ့ ပတ်သက်လို့ ဒါဟာ တရားဝင်မှု ရှိမရှိ ဆိုတာ ဖြေရှင်းချက် ပေးဖို့ ရီပါ့ ဘလစ်ကန် လွှတ်တော် အမတ်တွေက သမ္မတ အိုဘားမားကို တောင်းဆို လိုက်ပါတယ်။

အိုဘားမား အစိုးရဟာ တခြားနိုင်ငံ တခုကို စစ်ဆင်ရေး ဆင်နွှဲရင် ရက်ပေါင်း ခြောက်ဆယ် အတွင်း ကွန်ဂရက် ဆီက အတည်ပြုချက် ရယူရမယ် ဆိုတဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ အောက်လွှတ်တော် ဥက္ကဌ ရီပါ့လစ်ကန် အမတ် ဂျွန်ဘေနာက ဆိုပါတယ်။

နောက်ဆုံး သတ်မှတ်ရက် ဖြစ်တဲ့ တနင်္ဂနွေနေ့ မတိုင်ခင် ရီပါ့ဘလစ်ကန်တွေရဲ့ စိုးရိမ်မှုကို အကြောင်းပြန်ပါ့မယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က တုန့်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption နေတိုး တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးကြောင့် Tripoli မြို့မှာ ပေါက်ကွဲသံ ကြားရ

တခါ လစ်ဗျားနိုင်ငံ ထရစ်ပိုလီမြို့တော်မှာ နေတိုးတပ်ဖွဲ့တွေရဲ့ ညပိုင်းဗုံးကြဲ စစ်ဆင် တွေ ပြန်စနေပြီး မနေ့ညက တမြို့လုံး ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့ တုန်ခါ သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဘယ်နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလဲ ဆိုတာ မသိရသေးသလို ထိခိုက် ဒဏ်ရာရမှု သတင်းတွေလည်း မရ သေးပါဘူး။

အစောပိုင်းတုန်းကလည်း သူပုန်တွေ ထိန်းချုပ်ရာ Misrata မြို့ တဝိုက်မှာ အစိုးရ တပ်ဖွဲ့တွေ စီးထားတဲ့ နေရာတွေ သူပုန်တွေ လက်ထဲ ကျသွားတယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံ အနောက်ပိုင်းမှာ Misrata မြို့ ကနေ အစိုးရ တပ်တွေ ထိန်းချုပ်ထားတဲ့ Zlitan မြို့ ဆင်ခြေဖုံး အထိ သူပုန်တွေက သိမ်းပိုက်လာနိုင်ပြီလို့ ဆိုပါတယ်။

အခုလို တိုးပြီးသိမ်းပိုက် လာနိုင်ပေမယ့် တချို့ သူပုန်တပ်ဖွဲ့တွေက နေတိုး အဖွဲ့ရဲ့ ထောက်ပံ့မှုအပေါ် အားမလို အားမရ ဖြစ်နေကြပါတယ်။