ဆန္ဒပြမှုတွေကြောင့် ဂရိ အစိုးရ ပြန်ဖွဲ့ဖို့ရှိ

  • 15 ဇွန် 2011
Greece ဓာတ်ပုံ မူပိုင် Reuters
Image caption တနှစ် အတွင်း အဆိုးဆုံး ပဋိပက္ခ

ဂရိ နိုင်ငံ အေသင်မြို့မှာ အစိုးရက အများပြည်သူအတွက် သုံးစွဲတဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်လျော့ချတဲ့ ချိုးခြံချွေတာရေး အစီအစဉ်နဲ့ ပတ်သက်ပြီးဆန္ဒပြ ကန့်ကွက်မှုတွေ ရှိခဲ့ရာမှာ အခုတခါ ဆန္ဒပြပွဲမှာတော့ ရဲနဲ့ ဆန္ဒပြသူတွေကြားမှာ အဆိုးဝါးဆုံး အကြမ်းဖက် ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အေသင်မြို့ ပါလီမန်ရှေ့မှာ သောင်းနဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂ အဖွဲ့ဝင်တွေပါဝင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူ ဦးရေ နှစ်သောင်း၊ သုံး သောင်းလောက်ရှိမယ်လို့ ရဲက ဆိုပေမယ့် ဂရိ မီဒီယာတွေကတော့ ဒီထက်ပိုပြီး ခန့်မှန်းကြပါတယ်။

နောက်ထပ် မြို့တမြို့မှာလည်း လူပေါင်း နှစ်သောင်းကျော် ဆန္ဒပြခဲ့ကြပါတယ်။

"ကျနော်တို့ဟာ တကမ္ဘာလုံးရဲ့ ဂျီဒီပီထက် ခုနစ်ဆ များတဲ့ အကြွေးကို တာဝန်ခံ ပေးဆပ်ရမယ့် သူတွေဖြစ်နေပြီ။ ပြဿနာက စီးပွားရေးပြဿနာ မဟုတ်ပါဘူး။ ကျနော်တို့ ကျွန်ပြုခံရတဲ့ ပြဿနာပါ။ ကျနော်တို့ အရူးတွေ မဟုတ်ဘူးဗျ။" လို့ ဆန္ဒပြသူတယောက်က သူတို့ ဆန္ဒပြရတဲ့ အကြောင်းကို ပြောပါတယ်။

နှစ်ပတ်ကျော်ကြာ နေ့စဉ် ဆန္ဒပြမှုတွေကြောင့် အစိုးရအဖွဲ့အတွင်းမှာလည်း မငြိမ်မသက်ဖြစ်နေပါတယ်။

အဓိက ကြွေးရှင်တွေဖြစ်ကြတဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အိုင်အမ်အက်ဖ်နဲ့ ဥရောပ သမဂ္ဂတို့က လက်ခံနိုင်တဲ့ အစိုးရတက်လာမယ်ဆိုရင် သူရာထူးက နှုတ်ထွက်ပေးမယ်လို့ ဝန်ကြီးချုပ် ဂျော့ချ် ပါပန် ဒရွေ က စောစောပိုင်းတုန်းက အဆိုပြုခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ အစီအစဉ်ပြောင်းသွားပြီး ကြာသပတေးနေ့မှာ အစိုးရသစ် ပြန်လည်ဖွဲ့စည်းမယ်၊ ပြီးတော့ အစိုးရသစ်ကို အယုံကြည်ရှိမရှိ မဲခွဲမယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေကတော့ အစိုးရသစ်ဆိုပြီး နေရာ အရွှေ့အပြောင်းတွေလုပ်ပြီး ဒီလူတွေပဲ ပြန်တက်လာမယ်၊ ဒီပုပ်ထဲက ဒီပဲ ဘဲ ဖြစ်လာမယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

တဘက်က ဆန္ဒပြသူတွေဘက်က ဒီလို ဝေဖန် မှုမျိုးကို အစိုးရ အနေနဲ့ ရင်ဆိုင်နေရသလို အစိုးရသစ်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဥရောပ သမဂ္ဂ အဖွဲ့တို့က လက်ခံမခံ မရေရာတဲ့ အခြေ အနေမျိုးကိုလည်း တပြိုင်နက်တည်းမှာပဲ ရင်ဆိုင်နေရတယ်လို့ ဘီဘီစီ သတင်းထောက် Malcolm Brabant က အေသင်ကနေ သတင်းပေးပို့ထားပါတယ်။