ဇဝါဟီရီ အယ်လ်ခိုင်းဒါး ခေါင်းဆောင်ဖြစ်လာ

  • 16 ဇွန် 2011
Zawahiri
Image caption ဘင်လာဒင်ရဲ့ လက်ထောက် ဒုတိယ ခေါင်းဆောင် လုပ်လာတဲ့ ဇဝါဟီရီ

မျက်စိ ခွဲစိတ် ဆရာဝန် တဦး ဖြစ်တဲ့ Ayman al-Zawahiri ဟာ အီဂျစ်နိုင်ငံ အထက်တန်းလွှာ ကြေးရေတတ် မိသားစုကနေ မွေးဖွားလာတာ ဖြစ်ပြီး အီဂျစ် အစိုးရကို ဖြုတ်ချဖို့ ကြံစည်ခဲ့သူလည်း ဖြစ်ပါတယ်။

အီဂျစ် သမ္မတ Anwar Sadat လုပ်ကြံခံခဲ့ရအပြီး အဖမ်းဆီးခံခဲ့ရတဲ့ လူထောင်ပေါင်း များစွာထဲမှာ Zawahiri လည်း တဦး အပါအဝင် ဖြစ်ပါတယ်။

ထောင်ထဲမှာ အထိန်းသိမ်းခံနေရစဉ်အတွင်း အနှိပ်စက် အညှင်းပန်းခံခဲ့ရပြီး သူနဲ့ တခြား အကျဉ်းသားတွေရဲ့ တရား ခွင်အတွင်း ရုပ်မြင်သံကြား ကင်မရာတွေနေတဆင့် အကျဉ်းသားတွေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်အဖြစ် ပမာမခန့် ပြောဆိုတာမျိုးတွေ လုပ်ခဲ့ပါတယ်။

အကျဉ်းထောင်ထဲက သိက္ခာကျစရာ အတွေ့အကြုံတွေကြောင့် Zawahiri ဟာ ဂျီဟာ့ဒ်အဖွဲ့ဝင် တဦး ဖြစ်လာခဲ့တာလို့ တချို့က ပြောပါတယ်။

အကျဉ်းထောင်ကနေ လွတ်လာအပြီး ၁၉၈၄ ခုနှစ်မှာ Zawahiri ဟာ ဆိုဗီယက် တပ်ဖွဲ့တွေကို ဆန့်ကျင်တဲ့ ဂျီဟာ့ဒ် အဖွဲ့နဲ့ ဝင်ပူးပေါင်းဖို့ အာဖဂန်နစ္စတန် နိုင်ငံကို သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမှာ Osama bin Laden နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး အယ်လ်ခိုင်းဒါး အဖွဲ့ကို ဖွဲ့ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

သူဟာ စက်တင်ဘာ ၁၁ရက် အကြမ်းဖက် တိုက်ခိုက်မှုကို နောက်ကွယ်ကနေ ကြိုးကိုင် လှုပ်ရှားခဲ့သူ ဖြစ်တယ်လို့ ကျွမ်းကျင်သူ တချို့က ယူဆနေကြပါတယ်။

သူ့ကို၂၀၀၁ ခုနှစ် အောက်တိုဘာလတုံးက အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Khost မြို့မှာ နောက်ဆုံး တွေ့ခဲ့ပြီး တာလီဘန်တွေ ပြုတ်ကျသွားခဲ့အပြီးမှာ တိမ်းရှောင် ပုန်းအောင်း နေခဲ့တာပါ။

သူ့ဇနီးနဲ့ သားသမီးတွေကတော့ ၂၀၀၁ ခုနှစ်ကုန်ပိုင်းလောက်မှာ အမေရိကန်တို့ရဲ့ လေကြောင်း တိုက်ခိုက်မှု တခုအတွင်း သေဆုံးသွားကြတယ်လို့ ပြောကြပါတယ်။

Ayman al-Zawahiri ဟာ Osama bin Laden ရဲ့ ညာလက်ရုံး အဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်လာခဲ့သူမို့ အယ်လ်ခိုင်းဒါး အဖွဲ့ကတော့ သူ့ခေါင်းဆောင်မှု အောက်မှာ အရင်အတိုင်း ဆက်သွားမဲ့ပုံမျိုး ရှိနေပါတယ်။

ဒါပေမဲ့ အယ်လ်ခိုင်းဒါးအဖွဲ့ လှုပ်ရှား ဆောင်ရွက်နေမှုတွေကတော့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ အပြောင်းလဲကြီး ပြောင်းလဲသွားပြီလို့ ပြောရမှာပါ။

အီဂျစ်နဲ့ တူနီးဆီးယား နိုင်ငံ တွေမှာ အုပ်ချုပ်သူ နိုင်ငံခေါင်းဆောင်တွေ ပြုတ်ကျသွားစေခဲ့တဲ့ လူထု အုံကြွမှုတွေက အရှေ့အလယ်ပိုင်း ဒေသ တဝှမ်း ပျံ့နှံ့ ဖြစ်ပွားသွားခဲ့ရာမှာ အယ်လ်ခိုင်းဒါးတွေရဲ့ အစ္စလာမစ် ဝါဒီ အကြမ်းဖက် ဆူပူမှုတွေကြောင့် မဟုတ်ပဲ လူထုရဲ့ ဒီမိုကရေစီ လိုလားမှုတွေကြောင့် ဖြစ်ပါတယ်။

Zawahri အနေနဲ့လည်း ဒီအပြောင်းအလဲတွေကို အယ်လ်ခိုင်းဒါး အဖွဲ့နဲ့ ချိတ်ဆက်မိနိုင်အောင် လုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ သိပ်မအောင်မြင်ခဲ့ပါဘူး။

တခါ အယ်လ်ခိုင်းဒါး အဖွဲ့ကိုယ်တိုင်ကလည်း အဖွဲ့စဖွဲ့ချိန်ကထက်စာရင် အပြောင်းအလဲတွေ ရှိလာတယ်လို့ ပြောရမှာပါ။

အခုဆို အယ်လ်ခိုင်းဒါး အဖွဲ့ဟာ တခုတည်း ဗဟိုပြုဖွဲ့ထားတဲ့ အဖွဲ့ကြီး မျိုးထက်စာရင် ဒေသတွင်းက ကွဲထွက်လာတဲ့ အဖွဲ့ငယ်လေးတွေနဲ့ ပေါင်းဖွဲ့ထားတဲ့ အဖွဲ့တခုလို ဖြစ်လာနေပါပြီ။

ဒါပေမဲ့လည်း Osama bin laden သေဆုံးသွားခဲ့အပြီးသူ့နေရာကို ဆက်ခံရာမှာ Zawahiri အနေနဲ့ နည်းဗျူဟာပိုင်း ဆိုင်ရာမှာ အများထင်တာထက် ပိုထိန်းချုပ်နိုင်မဲ့ ပုံမျိုးရှိမယ်လို့ အနောက်အုပ်စု ကျွမ်းကျင်သူတွေက ယူဆပြောဆိုနေကြပါတယ်။

အခုအခါ အယ်လ်ခိုင်းဒါး အဖွဲ့ ရဲ့ အဓိက လှုပ်ရှားမှုတွေကို ယီမန်နိုင်ငံဆီ ရွှေ့ပြောင်း လုပ်ဆောင်နေပြီ ဖြစ်ပြီးအဲဒီမှာ Anwar al Awlaki တို့လို လုပ်နိုင်စွမ်းလည်းရှိ ရှေ့လျှောက်လည်း အထင်ကရ နေရာတွေကနေ ဆက်လုပ်သွားမဲ့ ခေါင်းဆောင်တွေ ရှိနေပါတယ်။

သူ့သြဇာလွှမ်းမိုးမှုအတိုင်းအတာက ဘယ်လောက် ရှိမလဲဆိုတာ ကတော့ အသေအချာ မသိရပေမဲ့ အတပ်ပြောနိုင် တာကတော့ Zawahiri အနေနဲ့ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေအပေါ် ရန်လို မုန်းထားမှုတွေ ဆက်လုပ်သွားမယ်။ ပြီးတော့ Osama bin Laden သေဆုံးခဲ့ရမှုအပေါ် လက်တုန့်ပြန် ဂလဲ့စားချေသွားလိမ့်မယ်လို့ သုံးသပ်သူတွေက ယူဆနေကြပါတယ်။